ခေတ်မီစစ်လက်နက်များကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲ၏ ပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင်ပြင်ဆင်ထားရန် တပ်ချုပ် သတိပေး
မျိုးကြီး (NSS) - ဒီဇင်ဘာ ၈
ခေတ်မီစစ်လက်နက်ပစ္စည်းများကြောင့် ပြောင်းလဲသွားမည့်စစ်ပွဲ၏ ပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင်မျှော်တွေး ပြင်ဆင်ထားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့(ဒီဇင်ဘာ ၈ ရက်) တွင် ပြုလုပ်သော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် သင်တန်းဆင်းများကို အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၁ ရာစုခေတ်သစ်စစ်ပွဲများသည် အကန့်အသတ်မဲ့စွာဖြင့် အရပ်မျက်နှာအမျိုးမျိုးမှ ပုံသဏ္ဍန်အမျိုးမျိုးဖြင့် ပုံဖော် တိုက်ခိုက်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“၂၁ ရာစု ခေတ်သစ်စစ်ပွဲတွေဟာ အကန့်အသတ်အတားအဆီးမဲ့ပုံစံနဲ့ အရပ်မျက်နှာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုး ကနေ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ပုံဖော်တိုက်ခိုက်လာတာဖြစ်တယ်။ တိုးတက်လာတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ကြောင့် ပြောင်းလဲသွားမယ့်စစ်ပွဲရဲ့ပုံစံနဲ့ စစ်ဗျူဟာတွေကို ကြိုတင်မျှော်တွေးထားကြရမယ်” ဟု တပ်ချုပ်က ပြောသည်။
ထို့ပြင် ခေတ်မီဆန်းသစ်လာသော ကွပ်ကဲမှုနှင့်ကြီးကြပ်မှုစနစ်ကိုလည်း နားလည်တတ်ကျွမ်းရန် ကြိုးစား အားထုတ်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးက သင်တန်းဆင်းများကို ထည့်သွင်းမှာကြားခဲ့သည်။
“ခေတ်မီစန်းသစ်လာတဲ့ ကွပ်ကဲမှုနဲ့ ကြီးကြပ်မှုစနစ်ကို နားလည်တတ်ကျွမ်းအောင် ကြိုးစားအားထုတ်ရမယ်။ နည်းပညာတွေနဲ့ လိုက်လျောညီထွေပြောင်းလဲနေတဲ့ စစ်မဟာဗျူဟာတွေ၊ စစ်နည်းဗျူဟာတွေကိုလည်း လေ့လာ နေကြရမှာဖြစ်တယ်။ ခေတ်ကာလအခြေအနေအရ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမယ့် ရဲဘော်တို့အနေနဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်များအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေကိုပါ ဆက်စဉ်မပြတ်လေ့လာနေဖို့ လိုတယ်” ဟု ၎င်းက ထပ်မံပြောသည်။
လက်ရှိတွင် တပ်မတော်ကို မလိုလားသော လူမှုအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်း သူများသည် လူမှုကွန်ရက်များမှတစ်ဆင့် သတင်းမှားဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေရန်နှင့် အင်အားချိနဲ့ စေရန် လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
ထို့ကြောင့် အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ထားရန်လည်း တပ်ချုပ်က အလေးအနက်ထား ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ များ ဖြစ်ပွားနေလျက်ရှိပြီး လက်နက်ကိုင်အများစုသည် အဆင့်မြင့် ဒရုန်းယာဉ်များကို အသုံးပြုကာ တိုက်ပွဲ ဖော်ဆောင်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း(၁၂)နိုင်ငံသည် မြန်မာ့အထည်အလိပ်များ အဓိကတင်ပို့ရာ ဈေးကွက်ဖြစ်နေကြောင်း စီး/ကူးဒုဝန်ကြီး ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ