ရေနစ်နေသည့်သူငယ်ချင်းကို ကယ်ဆယ်ရာမှ ဆယ်ကျော်သက်အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု တာချီလိတ်မြို့၌ ဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မယ်ဟုတ်ချောင်းအတွင်း၌ ရေနစ်နေသည့်သူငယ်ချင်းကို ကယ်ဆယ်ရာမှ ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းထံမှ သိရသည်။
ရေနစ်ပျောက်ဆုံးမှုသည် ပြီးခဲ့သော ဒီဇင်ဘာလ ၃ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်တွင် တာချီလိတ်မြို့၊ မယ်ယန်းရွာအနီး၊ မယ်ဟုတ်ချောင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေနစ်တဲ့ကလေးက သူ့သူငယ်ချင်းကောင်မလေးရေနစ်နေတာကို ကယ်ရင်းနဲ့ သူကရေစီးနဲ့မျောသွားပြီး ပျောက်ဆုံးသွားတာပေါ့။ ကောင်မလေးကိုတော့ကယ်လိုက်နိုင်တယ်။ ချောင်းကရေစီးကလည်းသန်တော့ မျောပါသွားတာပေါ့”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသွားခဲ့သည့် အမျိုးသားသည် မယ်ယန်းကျေးရွာတွင်နေထိုင်သည့် အသက်(၁၂)နှစ်အရွယ် မောင်ကျော်မင်းထက်ဖြစ်ပြီး တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး အသင်းများပူးပေါင်း၍ တစ်ရက်ကျော်ခန့် ရှာဖွေမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့လဲ (၂၄)နာရီကျော်ကျော်လောက်ထိ ရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။ ပြန်တွေ့တော့ မနေ့ကည (၈)နာရီခွဲလောက်မှာ မယ်ဟုတ်ချောင်းရဲ့အောက်ပိုင်း ဘကုန်းကျေးရွာအနီးနားမှာ ပြန်ရှာတွေ့ခဲ့တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ရေနစ်သေဆုံးသူအမျိုးသားအား ရွှေမယ်ယန်းလူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်နှစ်တွင် ကော်ဖီစိုက်ဧက ၂၈၀၀၀ နီးပါး ထပ်မံတိုးချဲ့ စိုက်ပျိုးရန်လျာထား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း