လောက်ကိုင် နှင့် ချင်းရွှေဟော်ဒေသ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်စဉ် တရုတ်နိုင်ငံသား (၇၃၀၀)ကျော်ကို ဖမ်းဆီးရမိဟု နစကဆို
မျိုးကြီး (NSS) - နိုဝင်ဘာ ၉
လောက်ကိုင် နှင့် ချင်းရွှေဟော်ဒေသ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်စဉ် တရုတ်နိုင်ငံသား (၇၃၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြကာ ပြောကြားခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း ယင်းဒေသများ၌ များပြားလာခဲ့ခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းများကို ဆောင်ရွက်နေသူများသည် တစ်ဖက်နိုင်ငံသားများ ပိုင်ဆိုင်သည့်ဟိုတယ်လုပ်ငန်းများဖြစ်သည်ကို စိစစ်တွေ့ရှိရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသ၌ ဟိုတယ် (၁၅၃)ခုရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားသည့် ဟိုတယ်သည် (၁၂)လုံးသာရှိကြောင်း သိရသည်။
၎င်းဒေသ၌ ကျန်ရှိသောဟိုတယ် (၁၄၁) လုံးသည် လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း တပ်ချုပ်က ဆက်လက်ပြောသည်။
အဆိုပါဟိုတယ်အများစုသည် တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံဆောက်လုပ်ထားသော ဟိုတယ်များဖြစ်ပြီး အများစုကို ၂၀၁၈ ခုနှစ်နောက်ပိုင်း၌ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အဆင့်မြင့် (၁၂)ထပ်၊ (၁၃)ထပ် အဆောက်အဦးများကိုပင် တစ်နှစ်အတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ထပ်မံပြောသည်။
လက်ရှိတွင် ယင်းဟိုတယ်များ၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အခြားတရားမဝင်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရပြီး စိစစ်ဖော်ထုတ်အရေးယူစဉ် တရုတ်နိုင်ငံသား (၇၃၉၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံသား (၁၈၉)ဦး၊ ထိုင်းနိုင်ငံသား (၁၆၂)ဦး၊ မလေးရှားနိုင်ငံသား (၃၂)ဦးနှင့် လာအိုနိုင်ငံသား (၂)ဦး စုစုပေါင်း (၇၇၈၀)ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု တပ်ချုပ်က ပြောသည်။
ထိုသို့ဖမ်းဆီးရမိသူများထဲတွင် တရုတ်နိုင်ငံသား (၆၈၉၂)ဦးကို တရုတ်နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသူများကို စိစစ်ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ထုတ်ဖော်အသိပေးထားသည်။
အဆိုပါဒေသအတွင်း၌ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းဆောင်ရွက်ခြင်းများမရှိစေရေးအတွက် တရုတ်နိုင်ငံ နှင့် ဆွေးနွေးသဘောတူချက်အတိုင်း မြန်မာ-တရုတ်နှစ်နိုင်ငံ Task Force ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဟု နစကဘက်ကမှ ထပ်မံအသိပေးထားသည်။
နိုင်ငံအတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများကို ယခု ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း၌ အမြစ်ပြတ်ချေမှုန်းသွားရန် သံဓိဋ္ဌာန်ချမှတ်ထားသည်လည်းဟု နစကဘက်က ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာဒေသ မြောက်ပိုင်းကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်း အစ္စရေးစစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း