ယူကရိန်းစစ်တပ်က အသက်ကြီးသော အမျိုးသားများကိုပါ စစ်မှုထမ်းစေခိုင်းနေဟုဆို
Pika (NSS) - နိုဝင်ဘာ ၈
ယူကရိန်းစစ်တပ်သည် ရုရှားနှင့် စစ်ပွဲဖြစ်ပွားမှုများအတွင်း ကြီးမားသောဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ၎င်း၏ တပ်ရင်းများကို ပြန်လည်ဖြည့်တင်းရန်အတွက် အသက်ကြီးသောအမျိုးသားများကို စစ်မှုထမ်းရန် တွန်းအားပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ရုရှားနှင့် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ယူကရိန်းတပ်ဖွဲ့ဝင်များ၏ ပျမ်းမျှအသက်မှာ ဆယ်နှစ် နီးပါးတိုးလာခဲ့ကြောင်း သိရသည်။ ယူကရိန်းစစ်သားတစ်ဦး၏ ပျမ်းမျှအသက်သည် (၄၃)နှစ်ဝန်းကျင်အထိ တိုးလာ ခဲ့ကြောင်း Time မဂ္ဂဇင်းက ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
၂ဝ၂၂ ခုနှစ် မတ်လတွင် ဆန္ဒအလျောက်စစ်မှုထမ်းရန်ရောက်ရှိလာသော အမျိုးသားထောင်ပေါင်းများစွာ၏ ပျမ်းမျှ အသက်မှာ အသက်(၃ဝ - ၃၅) နှစ်သာရှိကြောင်း Financial Times က ဖော်ပြခဲ့သည်။ ယူကရိန်းတပ်ဖွဲ့တွင် သေဆုံးသူများ နှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိလာခဲ့ပြီးနောက် စစ်တပ်တာဝန်ရှိသူများသည် အသက်ကြီး သောအမျိုးသားများကို စစ်မှုထမ်းခိုင်းစေရန်အတွက် အတင်းအကြပ်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း Time မဂ္ဂဇင်း က ဖော်ပြခဲ့သည်။
ယူကရိန်းစစ်တပ်သည် ၎င်း၏ လူအသေအပျောက်စာရင်းကို လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းမျိုးမရှိသော်လည်း ရုရှား နှင့် ယူကရိန်းနှစ်ဖက်လုံးမှ သေဆုံး/ဒဏ်ရာရရှိသူ အရေအတွက်မှာ (၅)သိန်းနီးပါးရှိကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူများက ပြီးခဲ့သည့်ဩဂုတ်လတွင် ပြောခဲ့သည်။
ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ဇွန်လတည်းက တပ်ဖွဲ့ဝင်(၉)သောင်းကျော် ဆုံးရှုံးခဲ့ရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ခန့်မှန်းပြောခဲ့သည်။ ယူကရိန်းအစိုးရသည် ရုရှား နှင့် ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်အချိန်ကတည်းက အသက်(၆ဝ)နှစ်အောက် အမျိုးသားများကို နိုင်ငံတွင်းမှ ထွက်ခွာခြင်းမပြုလုပ်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။
ယူကရိန်းစစ်တပ်သည် စစ်မြေပြင်၏ ကြမ်းတမ်းမှုများကို ခံနိုင်ရည်ရှိပြီး ပိုမိုကောင်းမွန်သော တိုက်ခိုက်ရေး တပ်ဖွဲ့ဖြစ်လိုပါက ငယ်ရွယ်သော တပ်သားသစ်များကိုသာ စုဆောင်းသင့်ကြောင်း ဇီလန်စကီး၏ အကြီးတန်း အကြံပေးအရာရှိဟောင်း Aleksey Arestovich က ပြောခဲ့သည်။
၎င်းက "ကျွန်တော်တို့လိုအပ်တာက အသက်(၂၅)နှစ်ကနေ (၂၈)နှစ်ကြားရှိပြီး တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေကြတဲ့ လူငယ်တွေပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ပျားအုံများပါသည့် သေတ္တာများကို ထားရှိတပ်ဆင်ခဲ့ကြောင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ