ရှမ်းမြောက်ရှိ လုံခြုံရေးစခန်းများကို MNDAA သောင်းကျန်းသူများက တိုက်ခိုက်လာမှုအပေါ် တပ်ချုပ် နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်တို့ ဆွေးနွေး
မြူနစ် (NSS) - နိုဝင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို MNDAA သောင်းကျန်းသူများက တိုက်ခိုက်လာမှုအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးမစ္စတာဝမ်ရှောက်ဟုန်တို့သည် ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသ၌ ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်း ဝယ်နေမှုများကို မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းကာ ဖော်ထုတ်အရေးယူသွားမည့်အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA သောင်းကျန်းသူများက နယ် မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုံခြုံရေးစခန်းများအား တိုက်ခိုက်ဆောင်ရွက်လာသည့်အခြေအနေများကိုလည်း နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးချိန်ကတည်းက တိုင်းရင်းသားအဖွဲ့များအချင်းချင်း အားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း နစကမှ အသိပေးထားသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချခြင်း၊ ကိုးကန့်ဒေသအတွင်း “ဖုန်” / “ရန်”အဖွဲ့တို့ အရေးအခင်းဖြစ်ပွားခဲ့မှု၊ လက်နက်ခဲယမ်းများ ထုတ်လုပ်နေမှု၊ လက်နက်ခဲယမ်းများ ဝင်ရောက်မှုများကြောင့် ဒေသတွင်း နှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ထိခိုက်ပျက်စီးနေမှုများကို နှစ်ဖက်အကြား၌ ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် မစ္စတာဝမ်ရှောက်ဟုန်တို့အကြား၌ နှစ်နိုင်ငံ ပူးတွဲတရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးအခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များရှိ လုံခြုံရေးစခန်းများကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်အကြားတွင် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ တိုက်ခိုက်နေမှုများကြောင့် တပ်မတော်၏ လုံခြုံရေးစခန်းများသည်လည်း မဟာမိတ် (၃)ဖွဲ့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရမှုများရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လုံမြို့တွင် နေအိမ်မီးလောင်မှုကို သွားရောက်မီးငြှိမ်းသတ်ပေးသည့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ