ပဲခူးရိုးမအစပ် တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာ၌ တောဆင်းရိုင်းတစ်ကောင်ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား
NSS - အောက်တိုဘာ ၁၆
ပဲခူးရိုးမအစပ် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၊ JP စိုက်ခင်းအနီး၊ လှိုင်ရိုးမတောင်ပေါ်သစ်တောကြိုးဝိုင်း၊ အကွက် ၂၅ တွင် အောက်တိုဘာလ(၁၄) ရက်ညက တောဆင်ရိုင်းတစ်ကောင် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အကွက်အမှတ် ၂၅ ရှိ ဦးအောင်ဖေလုပ်ကိုင်စိုက်ပျိုးထားသော လယ် ၇ ဧကသို့ ဝင်လာသော တောဆင်ရိုင်း ငါးကောင်ပါအုပ်စုမှ အသက် ၁၈ နှစ်အရွယ် ဆင်မကြီးသည် လယ်စိုက်ခင်းကို တောင်ဆင်ရိုင်းရန်မှ ကာကွယ်ရန် ပတ်ကာထားသော လျှပ်စစ်ရှော့ကြိုးကို ပါးစပ်ဖြင့်ကိုက်မိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“တောဆင်ရိုင်းတွေက စားကျက်မြေကို နှစ်တွေအကြာကြီးအထိမှတ်မိတယ်။ လူတွေက တောဆင်ရိုင်းစားကျက်တွေကို ဝင်ရောက်လုပ်ကိုင်ပြီး လယ်မြေ၊ ယာမြေတွေလုပ်လိုက်တော့ တောဆင်ရိုင်းတွေအတွက် စားကျက် ပျောက်ကုန်တာပေါ့။ ဆင်ရိုင်းတွေမလာအောင် လျှပ်စစ်လွှတ်ထားပေမယ့် မတော်တဆ ကိုက်မိတော့ပြန်မဖြုတ်နိုင်ဘဲ ဆင်သေတဲ့အထိ ဖြစ်သွားတာ”ဟု တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးက NSS ကို ပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆင်မုဆိုးများက ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်း မဟုတ်ခြင်းကြောင့် အရေးယူမှုတစ်စုံတစ်ရာပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။
တောဆင်ရိုင်းများသည် ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်နိုင်ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများတွင် တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ( ၁၅၀၀) ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင်မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ (၆၀၀၀) ခန့်ရှိကြောင်း သစ်တောဦးစီးဌာနမှသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုတိယအကြိမ်အဖြစ် သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ အရန်ဆန်အိတ် (၅)သိန်း ပို့ဆောင်မည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း