ဖမ်းဆီးခံနေရသူအားလုံးကို ပြန်လွှတ်ပေးရန် နှင့် အကြမ်းဖက်ပဋိပက္ခများကို ရပ်စဲကာ ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် EAO (၆)ဖွဲ့ တိုက်တွန်း
မျိုးကြီး (NSS) - အောက်တိုဘာ ၁၆
ဖမ်းဆီးခံနေရသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်ပဋိပက္ခများကို ရပ်စဲကာ ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် RCSS အပါအဝင် EAO (၆)ဖွဲ့က တိုက်တွန်းထားသည်။
NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် RCSS၊ ALP၊ DKBA၊ KNU/KNLA-PC၊ LDU နှင့် PNLO အဖွဲ့တို့သည် NCA (၈)နှစ်ပြည့်ကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ EAO (၆)ဖွဲ့သည် ယမန်နေ့(အောက်တိုဘာလ ၁၅ ရက်)တွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပသည့် NCA (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာသဖြင့် NCA အကောင်အ ထည်ဖော်မှုသည် လုံးဝရပ်စဲသွားသကဲ့သို့ နောက်ဆက်တွဲ မတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများသည်လည်း ပိုမိုကြီးထွားလာခဲ့သည်ဟု EAO (၆)ဖွဲ့က ဆိုသည်။
NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် နိုင်ငံရေးဝန်းကျင်ကို ဖော်ဆောင်သွားရန်၊ ဖမ်းဆီးထိမ်းသိမ်းခံထားရသူများအားလုံး ပြန်လွှတ်ပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်း EAO များက ထုတ်ပြန်ထားသည်။
၎င်းအပြင် လက်ရှိအကြမ်းဖက်ပဋိပက္ခများကို လျှော့ချရပ်စဲပြီး ယနေ့ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့်တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းကြပါရန်လည်း ထပ်မံတိုက်တွန်းထားသည်။
“ဒီနေ့ကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် အချိန်ကျရောက်နေပါပြီ။ ဒီအတွက် သက်ဆိုင်သူများအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေးကလည်း လိုအပ်နေပါတယ်။ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမယ်ဆိုရင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များ မပါရှိတဲ့ ဆွေးနွေးညှိနှိုင်းခြင်းကသာ ပြည်ထောင်စုကြီးရဲ့ထွက်ရပ်လမ်းဖြစ်ပါတယ်”ဟု RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်က NCA (၈)နှစ်ပြည့်အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများသည်လည်း တိုးတက်မှုမရှိကြောင်း EAO (၆)ဖွဲ့က သုံးသပ်ထားသည်။
ထို့ကြောင့် NCA အသိသက်သေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့နိုင်ငံ ရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်သင့်သည်ဟု EAO အဖွဲ့များက တိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA beyond internal conflicts
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ