အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီပေးရန် တရုတ်အစိုးရကို အမေရိကန် တောင်းဆို
Pika (NSS) - အောက်တိုဘာ ၁၅
အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် ၎င်း၏ ဩဇာအာဏာများကို အသုံးပြုရန် အီရန်၏ မိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က အောက်တိုဘာလ(၁၄)ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေးဗျနိုင်ငံကို အလည်အပတ်ရောက်ရှိနေသော အန်တိုနီဘလင်ကန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် တစ်နာရီကြာ ဖုန်းပြောဆိုခဲ့ပြီး အပြုသဘောဆောင်သော ရလဒ်များရှိခဲ့ကြောင်းကို အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ က ထုတ်ဖော်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဟားမက်စစ်သွေးကြွအဖွဲ့၊ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာစစ်သွေးကြွအဖွဲ့တို့ကို ထောက်ခံ သော အီရန်နိုင်ငံ နှင့် ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးရှိကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက "အမေရိကန်နိုင်ငံအနေနဲ့ ဒီစစ်ပွဲမှာ အပြုသဘောဆောင်ပြီး တာဝန်သိတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်ပါတယ်။ ပြီးတော့ ဒီကိစ္စကို နိုင်ငံရေးနည်းလမ်းနဲ့ အမြန်ဆုံးပြေလည်စေ မယ့်လမ်းကြောင်းပေါ် တွန်းပို့ပေးသင့်ပါတယ်။ နိုင်ငံတကာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အဓိက နိုင်ငံတွေဟာ တရားမျှတမှုကို လိုက်နာရမှာဖြစ်ပြီး နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။
တရုတ်အစိုးရသည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ကျယ်ပြန့်သော သဘောတူညီမှုရရှိရေးကို ပိုမိုမြှင့်တင် ရန်အတွက် နိုင်ငံတကာငြိမ်းချမ်းရေးအစည်းအဝေးတစ်ခုကို အမြန်ဆုံးကျင်းပရန် တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပဋိပက္ခနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်များတွင် ဟားမက်စစ်သွေးကြွအဖွဲ့တို့၏ အကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခြင်းမျိုးမရှိသည့်အတွက် အနောက်အုပ်စုနိုင်ငံများ၏ တာဝန်ရှိသူများက ပြစ်တင် ဝေဖန်ပြောဆိုခဲ့ခြင်းမျိုးရှိခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံကို ၎င်း၏အဓိက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်သူအဖြစ် သတ်မှတ်ထားပြီး အင်အားကြီးနိုင်ငံနှစ်နိုင်ငံသည် ၎င်းတို့၏ ဆက်ဆံရေးများကို တည်ငြိမ်စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသသည် အင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်သော အမေရိကန်နှင့် တရုတ်တို့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် ဒေသတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား နှင့် မြောက်ကိုရီးယားတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အနီးကပ်စောင့်ကြည့်နေဟု တောင်ကိုရီးယားအစိုးရ ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ