နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၂၀)၌ စမ်းသပ်သန်းခေါင်စာရင်း ယနေ့ စတင်ကောက်ယူ
မျိုးကြီး (NSS) - အောက်တိုဘာ ၁
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း (၂၀)၌ စမ်းသပ်သန်းခေါင်စာရင်း ယနေ့(အောက်တိုဘာ လ ၁ ရက်)တွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု နစကမှ ကြေညာထားသည်။
ထိုသို့ ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အဆင်ပြေမှုရှိစေရန်အတွက် စမ်းသပ်သန်းခေါင်စာရင်းကို ယခုကဲ့သို့ ကောက်ယူခြင်းဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
“ဒီနေ့ကနေ ၁၅ ရက်နေ့အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်မှာပါ။ မြို့နယ်တိုင်းမှာ ကောက်တာ မဟုတ်ပါဘူး။ ပြည်နယ်နဲ့ တိုင်းတွေရဲ့ မြို့ကြီးတွေမှာ အများဆုံးကောက်တာပေါ့။ လာမယ့် ၂၀၂၄ ခုနှစ်မှာ ကောက်ဖို့အတွက်ကို စမ်းသပ်ပြီး ကောက်ကြည့်တာပေါ့။ တစ်အိမ်ဝင် တစ်အိမ်ထွက်ပဲ ကောက်တာပါ။ လုံခြုံမှုရှိတဲ့နေရာတွေမှာ စမ်းကောက်တာပေါ့။ ဘာအခက်အခဲရှိမလဲ။ အားနည်းချက်၊ အားသာချက်ဘာရှိမလဲပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့်မေးခွန်းပုံစံများနှင့် လုပ်နည်းလုပ်ဟန်များအပေါ် ကြုံတွေ့လာနိုင်သည့် အခက်အခဲများအား သိရှိနိုင်ရန်အတွက် မြို့နယ်ပေါင်း(၂ဝ)ရှိ စာရင်းကောက်ကွက်(၁ဝဝ)ကိုသတ်မှတ်ကာ ယနေ့ အောက်တိုဘာလ(၁)ရက်တွင် စမ်းသပ်ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကောက်ယူရာတွင် လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်ခြင်းမျိုး မရှိကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူက ထပ်မံပြောသည်။
မြန်မာနိုင်ငံတွင် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့်ကောက်ယူနိုင်ခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းပြုစုပြီး တစ်နိုင်ငံလုံး၌ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း နစကဘက်က အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
iPhone 15 အမျိုးအစားတွင်ဖြစ်နေသည့် အပူလွန်ကဲစေသည့်ပြဿနာများကို Apple ကုမ္ပဏီဖြေရှင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း