တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံရဲချုပ်ပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၂၅
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောသည်။
ရဲချုပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Lianyungang မြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃)တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရေးမူဝါဒတွင် အစဉ်တစ်စိုက် လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေး၊ ပြည်တွင်းရေးကိစ္စရပ်များ၌ ဝင်ရောက်မစွက်ဖက်ရေးတို့ပါဝင်သည့်အတွက် ထောက်ခံကြိုဆိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောသည်။
အဆိုပါညီလာခံသို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး Mr. Wang Xiaohong တက်ရောက်ခဲ့သည့်အပြင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀) ကျော်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းညီလာခံသို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများ စုစုပေါင်း (၅၀)ကျော်က တက်ရောက်ခဲ့ကြောင်း သိရသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တရုတ်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံအပေါ် ထောက်ခံကြိုဆိုကြောင်းနှင့် ပူးပေါင်းဖော်ဆောင်ရန်ဆန္ဒရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က ၂၀၂၂ ခုနှစ်အတွင်း အဆိုပြုခဲ့ပြီးနောက် GSI ၏ သဘောတရားစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
GSI သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ချမှတ်ထားသည့် အစီအမံတစ်ရပ်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့နယ်တွင် ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း