ပြည်မြို့အဝင်တွင် ကားတစ်စီးမှ ဆိုင်ကယ်အားတိုက်ပြေးခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့
သန့်ဇင် (NSS) - စက်တင်ဘာ ၂၁
ပဲခူးတိုင်း၊ ပြည်မြို့အဝင်လမ်းတွင် ကားမှဆိုင်ကယ်အားတိုက်၍ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်မောင်းနှင်သူအမျိုး သမီးတွင် ထိခိုက်ဒဏ်များရရှိခဲ့ကြောင်း ပရဟိတပါရမီလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၁ ရက်)၊ နံနက် ၉နာရီအချိန်တွင် ပြည်မြို့၊ မှော်ဇာလမ်းထိပ် ပြည်-ပေါက်ခေါင်းလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ အစ်မက ပေါက်ခေါင်းကနေ ပြည်ကိုလာတာပါ။ အဲဒီနေရာရောက်တော့ ကားကတိုက်ပြီးထွက်ပြေးသွားတယ်လို့ ပြောတယ်ဗျ”ဟု ပရဟိတပါရမီလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၃၀)ဝန်းကျင်အရွယ်ကျောင်းဆရာမတစ်ဦးသည် ခြေလက်ကျိုး ဒဏ်ရာများအပြင် ပြင်ပထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်းသိရသည်။
“ဒဏ်ရာရတဲ့အမျိုးသမီးက ကျောင်းဆရာမလို့တော့သိရတယ်ဗျ။ ဘယ်ညာလက်(၂)ဖက်ကျိုးတယ်။ ညာဘက်ပေါင်ကျိုးတယ်။ သွား(၃)ချောင်းလဲကျိုးသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ပရဟိတပါရမီလူမှုကူညီရေးအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“အရင်တုန်းကလဲ ဖြစ်ကြတယ်။ ဒါပေမယ့် ဒီရက်ပိုင်းတော့ ဖြစ်တာများနေတယ်ဗျ။ ပြီးခဲ့တဲ့အပက်ကလဲ ကားနဲ့ဆိုင်ကယ်နဲ့ပဲတိုက်တာ။ အဲဒီတုန်းက ကောင်လေးကလဲ သေတယ်ဗျ။ အဲဒီဘက်လမ်းမပေါ်မှာပဲဖြစ်ကြတာပါ” ဟု အထက်ပါလူမှုကူညီရေးအသင်းက ထပ်မံပြောသည်။
၂ဝ၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပြည်မြို့အဝင်ရှိ ပြည်-ပေါက်ခေါင်းလမ်းပေါ်၌ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ(၃)ဦးထိ ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့စစ်လက်နက်အစီအစဉ်များကို ပိုမိုကောင်းမွန်အောင်ကူညီပေးမယ်ဆိုရင် တိုက်ရိုက်ရန်စမှုအဖြစ် ရှုမြင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း