တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ဆုံးနေတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက် တရုတ်စစ်တပ်ကို စုစည်းညီညွတ်ဖို့ သမ္မတရှီကျင့်ဖျင် တိုက်တွန်း
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၁
တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ တရုတ်စစ်တပ်အတွင်း စုစည်းညီညွတ်မှုများဖြစ်စေဖို့ နဲ့ တည်ငြိမ်မှုများဖြစ်စေဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
တရုတ်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ စစ်တပ်များကို စစ်ဆေးချိန်အတွင်း အခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး ဘယ်နေရာကို ရောက်ရှိနေသလဲဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်များ မျိုးစုံထွက်ပေါ်နေချိန်မှာ သမ္မတရှီကျင့်ဖျင်က တရုတ်စစ်တပ်အတွင်း စုစည်း ညီညွတ်မှုများဖြစ်လာစေဖို့ တောင်းဆိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးလီရှန်ဖူကို သြဂုတ် ၂၉ ရက်က လူမြင်ကွင်းမှာ နောက်ဆုံးတွေ့မြင်ခဲ့ပြီး အဲဒီနောက်ပိုင်း ကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တရုတ်အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရပါတယ်။ တရုတ်ကာကွယ်ရေး ဝန်ကြီးအပြင် တရုတ်ဒုံးကျည်တပ်ဖွဲ့ ဗိုလ်ချုပ်များလည်း လူမြင်ကွင်းမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း သိရပါတယ်။
လီရှန်ဖူဟာ တရုတ်ကာကွယ်ရေးဝန်ကြီးအဖြစ် ၂ဝ၂၃ ခုနှစ်မှာ ခန့်အပ်ခံရပြီး အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခံထားရသူဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ငါးနှစ်ကျော် ၂ဝ၁၇ ခုနှစ်က ဝယ်ယူခဲ့တဲ့ စစ်လက်နက်ပစ္စည်းဆိုင်ရာ hardware တွေ ဝယ်ယူမှုနဲ့ပတ်သက်ပြီး အကျင့်ပျက်လာဘ်စားမှုတွေ ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဇူလိုင်လမှာ ပြန်လည်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးလီရှန်ဖူဟာ ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အတွင်း တရုတ်စစ်လက်နက်ပစ္စည်း ဝယ်ယူရရှိရေးဌာနအကြီးအကဲအဖြစ် လုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။ တရုတ်သမ္မတဟာ တရုတ်စစ်တပ်ကို တိုက်ခိုက်ရေးစွမ်းရည်အသစ်များ တည်ဆောက်ဖို့ နဲ့ တိုက်ခိုက်ရေးလုပ်ငန်းများအတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေများကြောင့် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် အလားအလာနည်းသေးကြောင်း အမေရိကန်သမ္မတ သုံးသပ်ပြောဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ