၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်မည်ဟု တပ်ချုပ် တရားဝင်အသိပေး
မျိုးကြီး (NSS) - စက်တင်ဘာ ၁ဝ
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရားဝင်ပြောဆိုလိုက်သည်။
၎င်းက ယမန်နေ့(စက်တင်ဘာ ၉ ရက်)တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် တွေ့ဆုံစဉ်အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရာ၌ မဲစာရင်းများ မှန်ကန်မှုရှိရန် နှင့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး ဆောင်ရွက်ရန်လိုအပ်သည်ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် ၂ဝ၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိလာသည့်အချက်အလက်များအပေါ်မူတည်ကာ မဲစာရင်းများထွက်ပေါ်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
သန်းခေါင်စာရင်းများကောက်ယူပြီးစီးမှသာ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ကြောင်း ၎င်းက တရားဝင်ပြောခဲ့သည်။
ထို့ကြောင့် သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်းများ အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် တပ်မတော်အနေဖြင့် နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ချုပ်က ထပ်မံပြောခဲ့သည်။
ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက် အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း နစကဘက်က ကြေညာထားသည်။
၎င်းကဲ့သို့ သန်းခေါင်စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကို ယခု ၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် မြို့နယ်ပေါင်း(၂ဝ)ရှိ စာရင်းကောက်ကွက် (၁ဝဝ)တွင် ပဏာမဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
လက်ရှိတွင် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR)အား ကျင့်သုံးကာ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ပြင် ရွေးကောက်ပွဲ၌ မဲပေးရာတွင်လည်း ၎င်းတို့တီထွင်ထားသော မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကိုသာ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်မီတာခ မပေးဆောင်သည့် ကြွေးကျန်ငွေမှာ ကျပ်ဘီလျံ(၂၅ဝ)နီးပါး ရှိနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ