နိုင်ငံပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမေရိကန်ကင်းထောက်လေယာဉ်ကို ဟန့်တားခဲ့ရဟု မြောက်ကိုရီးယားစစ်ဘက်ပြော
Pika (NSS) - ဩဂုတ် ၁၉
မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ စီးပွားရေးဇုန်အတွင်းသို့ အမေရိကန်၏ ကင်းထောက်လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်လာခဲ့ပြီးနောက် မြောက်ကိုရီးယားစစ်တပ်သည် ၎င်း၏ တိုက်လေယာဉ်များကို ဝေဟင်သို့စေလွှတ်ကာ ဟန့်တားခဲ့ရကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်သည့် KCNA က ဖော်ပြခဲ့သည်။
ဩဂုတ်လ(၁၇)ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်သည် အန္တရာယ်ရှိသော စစ်ရေးရန်စမှုတစ်ခုဖြစ်ပြီး အနာဂတ်တွင် ဖြစ်ပွားလာနိုင်ချေရှိသော ကျူးကျော်တိုက်ခိုက်မှုများအား ဟန့်တားမည့်အစီအစဉ်များကို လုပ်ဆောင်ရန်စဉ်းစားနေကြောင်း မြောက်ကိုရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး ဆွေးနွေးပွဲမတိုင်မီ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါထိပ်သီးအစည်းအဝေးကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်နိုင်သကဲ့သို့ စစ်ရေးအရ အခြားဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ် နှင့်ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါတို့သည် မေရီလန်းပြည်နယ်ရှိ Camp David တွင်တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများ၊ တရုတ်၏ ဒေသတွင်းလွှမ်းမိုးမှုများနှင့်ပတ်သက်၍ ပူး ပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့ပြင် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် (၁၁)ရက်ကြာပြုလုပ်မည့် နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဩဂုတ်လ(၂၁)ရက်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရဿည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်သူနာပြုအမျိုးသမီးက မွေးကင်းစကလေးငယ်(၇)ဦးကို သတ်ဖြတ်သည့်အပြင် အခြားကလေးငယ်(၆)ဦးကို ထပ်မံသတ်ဖြတ်ရန်ကြိုးပမ်းခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ