ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်ကို ဆက်သွယ်ထားသည့် စင်္ကြံလမ်းကို သိမ်းပိုက်လိုက်ပြီးနောက် ရာဖယ်မြို့တွင် တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပွားနေ
ဂျန်ဇက် (NSS) - ဇွန် ၁
အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ နှင့် အီဂျစ်နိုင်ငံကြားဆက်သွယ်ထားသော စင်္ကြံလမ်းကို သိမ်းပိုက်လိုက်ပြီးနောက် ရာဖယ်မြို့တွင်တိုက်ပွဲများ ပိုမိုအရှိန်မြင့်ဖြစ်လာနေကြောင်းသိရသည်။ အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုမရခဲ့ပြီးနောက် အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက တားမြစ်နေသည့်ကြားမှ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အစ္စရေးသည် လက်ရှိအချိန်တွင် ဂါဇာ-အီဂျစ် စင်္ကြံလမ်းကိုသိမ်းပိုက်ထားပြီး ဂါဇာဒေသတောင်ပိုင်း ရာဖယ်မြို့တွင်အမြှောက်များ၊ သေနတ်များဖြင့် အရှိန်မြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ နိုင်ငံတကာအဖွဲ့အစည်းများက ရာဖယ်မြို့ကို အစ္စရေး၏တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်ဟု သတိပေးခဲ့ကြောင်း သိရသည်။ အစ္စရေးစစ်တပ်က ၎င်းတို့သည် မေလ ၃၀ ရက်နေ့တွင် အရှည် ၈ ဒသမ ၅ မိုင်ကျော်ရှိသော ဂါဇာ-အီဂျစ်နယ်စပ်ဒေသ Philadelphi စင်္ကြံလမ်းကို သိမ်းပိုက်လိုက်ကြောင်း ပြောသည်။ အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အဆိုပါစင်္ကြံလမ်းကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းခြင်းများလုပ်ဆောင်နေကြောင်း ပြောသည်။ အစ္စရေးစစ်တပ်၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက အစ္စရေးစစ်တပ်သည် အဆိုပါစင်္ကြံလမ်းကို သိမ်းပိုက်လိုက်ပြီးနောက် မြေအောက်ဥမင်လိုဏ်ခေါင်း ၂၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ပြောသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံကို ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ ရက်နေ့တွင် ကြိုတင်သတိပေးမှုမရှိဘဲ ရုတ်တရက်တိုက်ခိုက်လာခဲ့ပြီးနောက် ဂါဇာဒေသတွင်စစ်ပွဲများဖြစ်ပွားလာခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၃၅၀၀၀ ကျော်သေဆုံးထားကြောင်း ကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် - မန္တလေး အမြန်လမ်းကို လုံခြုံရေးအရ ခြိမ်းခြောက်လာနိုင်သော လက်နက်ခဲယမ်းအများအပြားကို ဒိုက်ဦးမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ