မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီအမှတ်(၂)တံတား၌ တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်၊ အရပ်သားများစွာ ထိုင်းဘက်တွင် စစ်ဘေးရှောင်နေရ
မြူနစ် (NSS) - ဧပြီ ၂၀
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီအမှတ်(၂)တံတားတွင် တပ်မတော်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားများစွာ ထိုင်းနိုင်ငံဘက်ခြမ်းတွင် စစ်ဘေးရှောင်နေရလျက်ရှိကြောင်း သတင်းရရှိသည်။
မြဝတီအမှတ်(၂)တံတားအနီးတွင်ရှိနေသော တပ်မတော်လုံခြုံရေးအဖွဲ့ကို KNLA၊ PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့(ဧပြီ ၁၉ ရက်)၊ ညပိုင်းတွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း မြဝတီမြို့ခံများက ပြောသည်။
“အမှတ်(၂)တံတားကို မနေ့ညလောက်ကတည်းက ဒရော့ဗုံးချတယ်။ ချပြီးတော့ ညက တည်းက သူတို့ ဝိုင်းထားတယ်။ တော်လျှောက်တိုက်နေတယ်။ တံတား(၂)မှာက (၂၇၅)တပ်ကနေ ရွေ့သွားတဲ့အဖွဲ့တွေရှိတယ်။ တံတားက နယ်စပ်ဘက်ကို တအားရောက်တယ်။ အဲဒီအဖွဲ့တွေကို KNLA က တိုက်တာပေါ့။ အသေအပျောက်စာရင်းတော့ မသိရသေးဘူး။ အခု တော့ တပ်မတော်ဘက်က လေယာဉ် Y-12 နဲ့ ဗုံးကြဲနေတာရှိတယ်”ဟု မြဝတီမြို့ခံတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် မြဝတီမြို့ အမှတ်(၂)တံတားအနီးတွင် လက်နက်ငယ်ပစ်ခတ်မှုများမှာ ရပ်တန့်နေလျက်ရှိသော်လည်း ဗုံးကြဲတိုက်ခိုက်သည့်ဖြစ်စဉ်များမှာ ဆက်လက်ရှိနေသေးကြောင်း ယနေ့(ဧပြီ ၂၀ ရက်)၊ နံနက် ၉ နာရီအချိန်ခန့်တွင် မြဝတီမြို့ခံများက ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည့် အမှတ်(၂)တံတားသည် မြဝတီမြို့၏ အမှတ်(၅)ရပ်ကွက်အတွင်း တည်ရှိသော တံတားတစ်စင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားသောဧရိယာရှိ ဒေသခံပြည်သူများအနေဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ရွှေ့ပြောင်းစစ်ဘေးရှောင်နေလျက်ရှိကြောင်း သိရသည်။
“တိုက်ပွဲစဖြစ်တုန်းကတော့ စစ်ဘေးရှောင်တွေကို ထိုင်းဘက်က လက်မခံသေးဘူး။ ဒီနေ့ (ဧပြီ ၂၀ ရက်) မနက် ၈ နာရီ လောက်အထိကို ထိုင်းဘက်က လက်မခံဘူး။ ပိတ်ထားတယ်။ ဒါပေမဲ့ မနက် ၉ နာရီလောက်မှာ ဖွင့်ပေးတယ်။ လက်ခံနေတယ်ပေါ့။ စုစုပေါင်း စစ်ဘေးရှောင် (၂၀၀)ကျော်လောက်ကို လက်ခံထားတယ်လို့ သိရတယ်” ဟု မြဝတီမြို့ခံက ဆက်လက်ပြောသည်။
အထက်ပါကဲ့သို့ အမှတ်(၂)တံတားအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြဝတီမြို့လယ်ခေါင်တွင် ပြည်သူလူထုအနေဖြင့် ပုံမှန်နေထိုင်သွားလာနေလျက်ရှိကြောင်း သိရသည်။
KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းအတွင်းက မြဝတီမြို့အနီးရှိ တပ်မတော်၏ ခလရ(၂၇၅)တပ်ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်ဘက်က ဆုတ်ခွာပေးခဲ့ရသည့်အခြေအနေရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းအပြင်ဘက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ