ပင်လယ်နီအတွင်းရှိ လောင်စာဆီတင်သင်္ဘောကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြော
Pika (NSS) - မတ် ၂ဝ
ပင်လယ်နီအတွင်းရှိ လောင်စာဆီတင်သင်္ဘော MADO ကို ရေတပ်သုံးဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က မတ်လ(၁၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် အစ္စရေး၏ Eilat ဆိပ်ကမ်းနှင့် အပန်းဖြေစခန်းဒေသကိုလည်း ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ MADO သည် ဆော်ဒီအာရေးဗျနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဦးတည်သွားလာနေသော Marshall-Islands နိုင်ငံ အလံလွှင့်တင်ထားသည့် ရေနံစိမ်းဓာတ်ငွေ့ရည် (LPG)တင်သင်္ဘော တစ်စီးဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးခြေရာခံ ဝက်ဘ်ဆိုက်များက ဖော်ပြခဲ့သည်။ အဆိုပါသင်္ဘောမှာ အမေရိကန်နိုင်ငံပိုင်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ဖော်ပြပြောဆိုခဲ့သော်လည်း Equasis အပ်ပ်၏ သင်္ဘောဒေတာများအရ MADO သင်္ဘောကို ဂရိနိုင်ငံ Naftomar Shipping & Trading Co Ltd ကုမ္ပဏီကပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို Naftomar Shipping & Trading Co Ltd ကုမ္ပဏီက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်းသိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁၉)ရက်မှစတင်ပြီး ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် စတင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏သင်္ဘောများကို ရှည်လျား သောရေကြောင်းလမ်းဖြစ်သည့် အာဖရိကတောင်ပိုင်းတစ်ဝိုက်သို့ လမ်း ကြောင်း ပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့်ဗြိတိန်တပ်ဖွဲ့တို့သည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တရားလွှတ်တော်ချုပ်က တက္ကဆက်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေ စတင် ကျင့်သုံးရန် ခွင့်ပြုခဲ့
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း