မုံရွာမြို့ရှိ အင်းဝဘဏ်ကို အမျိုးသား(၆)ဦးက ဓားပြတိုက်ပြီးနောက် ဘဏ်မန်နေဂျာအမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်
Pearl (NSS) - မတ် ၁၄
မုံရွာမြို့ရှိ အင်းဝဘဏ်ကို အမျိုးသား (၆)ဦးက ဓားပြတိုက်ပြီးနောက် ဘဏ်မန်နေဂျာအမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (မတ်လ ၁၃ ရက်)၊ နေ့လည် (၁)နာရီခွဲခန့်က စစ်ကိုင်း တိုင်း၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ မန်နေဂျာအပါအဝင် ဘဏ်ဝန် ထမ်းစုစုပေါင်း (၁၅)ဦးခန့်ရှိသော အင်းဝဘဏ်သို့ အမျိုးသား (၆)ဦးခန့်က ဟိုက်ဂျက်ကားဖြင့်ရောက်ရှိလာပြီး ဘဏ်ထဲသို့ဝင်ကာ သေနတ်ပြခြိမ်းခြောက်၍ ကျပ်သိန်း (၃၀၀)ထက်မနည်းကို ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။
“ဘဏ်ထုတ်ပုံစံမျိုးနဲ့ ဝင်လာတာလေ။ စစ်ဆေးမှုနည်းသွားတာ။ အင်းဝဘဏ်ဆိုလည်း တံခါးတွေဘာတွေနဲ့ ရှိတာပဲလေ။ သို့သော်လည်း သူတို့စစ်ဆေးမှု နည်းသွားတာပေါ့။ မန်နေဂျာ တစ်ယောက်ပါသွားတယ်။ ပိုက်ဆံလည်း တော်တော်ပါသွားတယ်” ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်အတွင်း ကျပ်သိန်း (၃၀၀)ထက်မနည်းကို ယူဆောင်သွားသည့်အပြင် ဘဏ်အတွင်းရှိကွန်ပျူတာများ နှင့် ဖုန်းများကိုလည်း လုယက်ယူဆောင်သွားပြီး အသက် (၅၀)နှစ် ဝန်းကျင်ရှိ ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်လှလှသွယ်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
“အဲဒီနားမှာ လုံခြုံရေးတွေရှိတယ်။ ဘေးမှာ စီးပွားရေးဘဏ်လည်းရှိတာကို။ ရဲလုံခြုံရေး (၁၂)ယောက်လောက်ရှိတယ်။ ဘဏ်နဲ့ ဘယ်လောက်မှ မဝေးဘူး”ဟု ၎င်းက ဆက်လက်ပြော သည်။
အဆိုပါအင်းဝဘဏ်အနီးတွင် ရဲလုံခြုံရေးဝန်ထမ်း (၁၂)ဦးခန့်ရှိသော်လည်း အကြမ်းဖက်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်းသိရသည်။ လက်ရှိတွင် မုံရွာမြို့အတွင်း၌ လုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒိန်းမတ်နိုင်ငံက အမျိုးသမီးများကို စစ်မှုထမ်းစေခိုင်းနိုင်ဖွယ်ရှိနေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း