လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၆၄)ရုံရှိပြီး စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ်(၇၀ဝဝ)ကျော် ရှိသော်လည်း မဂ္ဂါဝပ်(၃၀ဝဝ)ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်
ယွန်း (NSS) - မတ် ၄
နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၆၄)ရုံရှိပြီး စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ်(၇၀ဝဝ) ကျော် ထွက်ရှိသော်လည်း မဂ္ဂါဝပ် (၃၀ဝဝ)ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ရေအားအပါအဝင် သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်နှင့် ကျောက်မီးသွေး ဟူသည့် စွမ်းအင် အမျိုးအစား(၄)မျိုးဖြင့် စက်ရုံပေါင်း (၆၄)ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံ(၆၄)ရုံတွင် စုစုပေါင်း စက်တပ်ဆင်အင်အား ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ် ဖြစ်သော်လည်း နေ့စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား (၃၀ဝဝ) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။
“စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ်ကတော့ ၇၁၀ဝ ကျော်ပေါ့။ ထုတ်နိုင်တဲ့ ပမာဏတော့ မဟုတ်ဘူး။ ဥပမာ-ကားမှာဆိုရင် မောင်းနိုင်တဲ့ ကီလိုမီတာ (၁၈၀) ရေးထားတယ်။ ဒါပေမဲ့ တကယ်မောင်းတဲ့အခါမှာ သူ့အနေအထား၊ လမ်းအခြေအနေ ပေါ်မူတည်ပြီးတော့ တစ်နာရီကို (၁၂၀)ပဲမောင်းနိုင်ရင် မောင်းနိုင်မှာပေါ့။ စက်တွေမှာလည်း အဲဒီလိုပဲပေါ့ မဂ္ဂါဝပ်(၁၀ဝ)ရှိတဲ့စက်က ရေရရှိမှုအပေါ်မူတည်ပြီးတော့ မောင်းတဲ့အခါမှာ တစ်နာရီမှာ ထုတ်လုပ်နိုင် တဲ့အားက (၁၀ဝ)ဖြစ်ချင်မှဖြစ်မှာ။ ပျမ်းမျှစက်တွေ အားလုံးရဲ့အမြင့်ဆုံး ထုတ်လုပ်နိုင်မှုက ပျမ်းမျှတွက်မယ်ဆိုရင် (၆၀)ရာခိုင်နှုန်းထက် မပိုဘူးဗျ။ ရေကလည်း ရှိရမယ်။ အဲဒါတွေပေါ်မူတည်ပြီး ထုတ်လုပ်နိုင်တဲ့ပမာဏက ကွာသွားတာပေါ့။ တစ်ရက်နဲ့တစ်ရက် တစ်နာရီနဲ့တစ်နာရီ ထုတ်လုပ်နိုင်တဲ့ပမာဏက မတူပါဘူး။ ပျမ်းမျှ (၃၀ဝဝ)မဂ္ဂါဝပ်ခန့်ပဲ ထုတ်လုပ်နိုင်ပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
စက်ရုံ(၆၄)ရုံအနက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂၉)ရုံရှိပြီး စက်တပ်ဆင်အင်အား ၃၂၂၈ မဂ္ဂါဝပ်ရှိ ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၇)ရုံရှိပြီး စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၃၆၃၈ ဒသမ ၄၆ ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆိုထားသည်။ အလားတူ နေရောင်ခြည်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံပေါင်း(၆)ရုံရှိပြီး စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၈၀ ရှိကြောင်းနှင့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် သည့် စက်ရုံမှာ(၂)ရုံရှိပြီး စက်တပ်ဆင်အင်အား ၁၃၈ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။
နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၁၅)ရာခိုင်နှုန်းခန့် တိုးတက်နေပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံ လုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုးမှာ ၆၆ ဒသမ ၈ ရာခိုင်နှုန်းကျော် ရရှိသုံးစွဲနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ကွမ်းသီးခြောက်ကို အိန္ဒိယနိုင်ငံသို့ လစဉ်တန် (၂၀ဝ)တင်ပို့မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း