မလေးရှားအမျိုးသား သူတောင်းစားတစ်ဦး တစ်ရက်ကို စင်ကာပူဒေါ်လာ ၁၄ဝ အထိ ရရှိပြီး ပရီမီယံ SUV ကား တစ်စီး ပိုင်ဆိုင်ထား
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၅
မလေးရှားမှာ နာရီအနည်းငယ်ကြာ တောင်းစားရုံနဲ့ တစ်ရက်ကို RM 500 (စင်ကာပူဒေါ်လာ ၁၄ဝ) အထိရရှိပြီး Sport Utility Vehicle (SUV) ကားသစ်တစ်စီး ပိုင်ဆိုင်ထားပြီဖြစ်တယ်လို့ မလေးရှား အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်က သီရိဂျာယာညဈေးမှာ တောင်းရမ်းစားသောက်မှု ပပျောက်ရေးအတွက် ပါဟန်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတွေ စစ်ဆေးမှုတွေပြုလုပ်ခဲ့စဉ်မှာ ဒီတွေ့ရှိချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အဲဒီမှာ သာမာန်လူနဲ့မတူ ခန္ဓာကိုယ် ချို့ယွင်းချက်ရှိပုံရတဲ့ မီးခိုးရောင်ဝတ်လုံနဲ့ မွတ်ဆလင် ဦးထုပ်ဝတ်ဆင်ထားတဲ့အမျိုးသားကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပထမအရာရှိတွေက ၎င်းကိုမေးမြန်းခဲ့ချိန်မှာ စကားပြန်မပြောခဲ့တာကြောင့် စွံ့အ၊ နားမကြားလို့ ထင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အရာရှိတွေက သက်သေခံကတ်ပြားထုတ်ပေးဖို့ တောင်းဆိုခြင်း အပါအဝင် အခြားမေးခွန်းတွေ မေးမြန်းကာမှ အဆိုပါစာရွက်စာတမ်းကို ကားထဲမှာ ထားခဲ့ကြောင်း ပြန်ဖြေခဲ့ခြင်းကြောင့် အရာရှိတွေ အံ့သြသွားခဲ့ရပါတယ်။
၎င်းရဲ့ကားဟာ ၁၂၃,၈၀၀ RM နဲ့ ၁၂၈,၈၀၀ RM ကြား တန်ဖိုးရှိတဲ့ Proton X70 ပရီမီယံ SUV ကားဖြစ်နေတာတွေ့ရတော့ အရာရှိတွေ ပိုအံ့သြခဲ့ရပါတယ်။ အဆိုပါအမျိုးသားက ၎င်းဟာ ညဈေးမှာ လေးနာရီကနေ ငါးနာရီအထိ တောင်းစားရုံနဲ့ RM 500 အထိ ရရှိတယ်လို့ အရာရှိတွေကို ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ အမျိုးသားဟာ အရှေ့ဘက် ကမ်းရိုးတန်းပြည်နယ် ကီလန်တန်မှာ နေထိုင်သူဖြစ်ပြီး ၎င်းရဲ့ မသန်စွမ်းမှုအတွက် လူမှုဖူလုံရေးဌာနထံမှ လစဉ်ထောက်ပံ့ကြေး ၄၅၀ RM ကိုလည်း ၂၀၀၁ ခုနှစ်ကတည်းက လက်ခံရရှိထားတာဖြစ်ပါတယ်။
အခုအခေါက်မှာတော့ လူမှုဖူလုံရေးအရာရှိတွေက အဆိုပါအမျိုးသားကို ပြင်းပြင်းထန်ထန်အရေးယူခြင်းမပြုခဲ့ဘဲ နှုတ်နဲ့သာ သတိပေးပြီး ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူရဲ့တရုတ်နှစ်သစ်ကူးမှာ e-hongbao များ ရေပန်းစားခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း