ချီဖွေမြို့နယ်က ဖရဲရွာတွင် မြေရှားသတ္တုတူးဖော်မှုအပေါ် ဒေသခံများက သွားရောက်ကန့်ကွက်စဉ် KIA က ဗုံးဖြင့်ပစ်ကာ လူစုခွဲပြီး ပါဝင်သူများကို လိုက်လံဖမ်းဆီး
သုတကျော် (NSS) - ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ ဖရဲရွာတွင် မြေရှားသတ္တုတူးဖော်မှုအပေါ် သွားရောက်ကန့်ကွက်စဉ် KIA က ဗုံးဖြင့်ပစ်ကာ လူစုခွဲပြီး ပါဝင်သူများကို လည်း လိုက်လံဖမ်းဆီးခဲ့ကြောင်း ကချင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာအချို့၏ ရေးသားချက်နှင့် သတင်းရင်းမြစ်အချို့ထံ ဆက်သွယ်စုံစမ်း မေးမြန်း ထားသည့် အချက်အလက်များအရ သိရသည်။
ဒေသခံများ သောက်သုံးရေအတွက် အားထား နေရခြင်းကြောင့်မတူးရန် တောင်းဆိုထားသည့် တောင်ကုန်းအနီးတွင် မြေရှားသတ္တုတူးဖော်နေခြင်း ကြောင့် ဒေသခံများက ဖေဖော်ဝါရီလ ၅ ရက်တွင် သွားရောက်ကန့်ကွက်ချိန် KIA က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ပြီး လူစုခွဲခြင်းကြောင့် ဒဏ်ရာရသွားသူ အချို့ ရှိခဲ့သည့်အပြင် ပါဝင်သူများကိုလည်း ဖမ်းဆီးခဲ့ခြင်း ရှိကြောင်း သိရသည်။
ဆန္ဒမပြမီ KIO ထံ သွားပြောခဲ့သော်လည်း မည်သို့မျှ အကြောင်းမထူးသည့်အတွက် သွားရောက် ကန့်ကွက်စဉ် KIA အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်းကြောင့် နှစ်ဦးဒဏ်ရာရကာ လူပေါင်း ၅၀ ခန့်ကို ဖမ်းဆီးထားပြီး ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်လာမည် စိုးရိမ်သည့်အတွက် ဒေသခံများက တိမ်းရှောင်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။
"ဖေဖော်ဝါရီလ ၆ ရက်ကနေ စဖမ်းတာ။ အခုထိ မလွတ်ကြသေးဘူးလို့ သိရတယ်။ ဒေသခံတွေလည်း ရှောင်နေကြတာရှိတယ်"ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သည့် NSS ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဖမ်းခံရသူများထံတွင် သင်အုပ်ဆရာတစ်ဦး၊ သင်းထောက်တစ်ဦးလည်းပါဝင်ကာ ယခင်က မြေရှင်းသတ္တုမတူးရန်အတွက် KIA ထံစာ တင်ပြ ထားခဲ့သည့်အပြင် ကန့်ကွက်မှုများ လုပ်ခဲ့သော်လည်း မထူးခြားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာ အချို့တွင် ရေးသားထားသည်။ ကျည်မပါသော အသံမိုင်းဖြင့် လူခွဲခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းထားခြင်းမဟုတ်ပဲ ဆွေးနွေးရန်အတွက် ခေါင်း ဆောင်ပိုင်းထဲမှ လူကို ခေါ်ထားခြင်း ဖြစ်နိုင်ကြောင်း KIA မှ ဗိုလ်မှူးကြီး နော်ဘူက ပြည်ပအခြေစိုက် မီဒီယာတစ်ခုကို ဖြေကြားထားသည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များ အပြီးတွင် မြေရှားသတ္တု (Rare Earth) များကို ကချင်ပြည်နယ်ထဲမှ တရုတ်နိုင်ငံထဲသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးအထိ ရှိနေပြီဖြစ်ကြောင်း Institute for Strategy and Policy - Myanmar (ISP – Myanmar) က ပြီးခဲ့သည့်နှစ် ဇွန်လ ၂၃ ရက်တွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ ဖော်ပြချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ စာအတွင်း KIA တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ဖရဲရွာထဲတွင် "ဝ" ကုမ္ပဏီတစ်ခုသည် မေလမှစပြီး KIA နှင့် ဆွေးနွေးကာ မြေရှားသတ္တုတူးဖော်ရန် စမ်းသပ် လုပ်ဆောင်နေကြောင်း၊ အဆိုပါစီမံကိန်းကို ဒေသခံ များကန့်ကွက်ပါက KIA က ဖမ်းဆီးထောင်ချမည်ဟု ဆိုကာ ခြိမ်းခြောက်မှုများရှိကြောင်းလည်း ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းဥပဒေအပေါ် သတင်းအမှားနှင့် ကောလာဟလ ဖြန့်ဝေသူများကြောင့် ရန်ကုန်တွင် ညပိုင်းအပြင်ထွက်သူ ယခင်ထက် လျော့နည်းနေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း