ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် (၁၂)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် (၁၂)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ပုဏ္ဏမာပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၉ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် ဓနုဖြူမြို့နယ်၊ ဓနုဖြူ-ရန်ကုန်သွား ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၄/၃)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ဆီဘောက်ဆာနဲ့ ဆန်တင်တဲ့ကုန်တင်(၁၂)ဘီးကားတိုက်တာ။ မျက်နှာချင်းဆိုင် ဝင်တိုက်ကြတာပေါ့။ ဆီဘောက်ကားက မှောက်တယ်။ ဆန်ကားကတော့ လမ်းဘေးထိုးကြသွားတယ်။ ဆီဘောက်ဆာကားက ဓနုဖြူနားက တလုပ်ထော်ရွာနားက ဆီဆိုင်ကို ဆီသွားပို့တာလို့ သိရတယ်” ဟု ပုဏ္ဏမာပရဟိတလူမှုကူညီရေး အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆီဘောက်ဆာကားပေါ်မှ အသက်(၃၅)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆီဘောက်ဆာက ယာဉ်မောင်းက ကားမှောက်တော့ ကားပိပြီးဆုံးသွားတယ်။ ယာဉ်နောက်လိုက်ကတော့ ခေါင်းနဲ့ ဒူးမှာ သွေးထွက်ဒဏ်ရာရတယ်။ သူကတော့ စိုးရိမ်ရတယ်။ ဆန်ကားက တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာ နည်းနည်းပဲရပါတယ်။ ခုဖြစ်တဲ့နေရာက အရင်ကဖြစ်တာတွေရှိတယ်။ လမ်းကလည်း ကျဉ်းတော့ ဖြစ်တတ်ပါတယ်။ အကြံပြုချင်တာကတော့ အပြိုင်အဆိုင်တွေမမောင်းဖို့ပဲပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ပုဏ္ဏမာပရဟိတလူမှုကူညီရေးအသင်းမှ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေကြေးဈေးကွက်သို့ အမေရိကန်ဒေါ်လာ(၉)သန်း ထပ်မံရောင်းချပေးမည်ဟု ဗဟိုဘဏ်ကြေညာ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း