မန္တလေးတွင် ကလေးငယ်တစ်ဦးကို ကျပ်သိန်း(၅၀၀)ဖြင့် ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ပုဒ်မ ၃၆၃/ ၃၈၇ တို့ဖြင့် အမှုဖွင့်ထား
မြူနစ် (NSS) - ဇန်နဝါရီ ၂၃
မန္တလေးတွင် ကလေးငယ်တစ်ဦးကို ကျပ်သိန်း(၅၀၀)ဖြင့် ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၃/ ၃၈၇ တို့ဖြင့် အမှုဖွင့်ထားသည်။
ကလေးပြန်ပေးဆွဲမှုဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၂၂ ရက်)တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်တွင် နေထိုင်သော ကိုရဲကိုဦး နှင့် ၎င်း၏ ဇနီးဖြစ်သူ မနွယ်နွယ်ထွန်းတို့သည် နံနက် ၉ နာရီ အချိန်ခန့်တွင် ကုန်စိမ်းရောင်းရန်အတွက် နေအိမ်မှထွက်ခွာသွားစဉ် (၄)နှစ်အရွယ်သမီးဖြစ်သူသည် ယင်းတို့၏ ဘေးချင်းကပ်ရှိ မိသားစုဝင်၏ နေအိမ်ရှေ့တွင် ဆော့ကစားနေခဲ့ကြောင်း သိရသည်။
ထို့နောက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် နေအိမ်သို့ ပြန်လာစဉ်အချိန်၌ သမီးဖြစ်သူအား မတွေ့ရှိရသည့်အတွက် လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၄)နှစ်အရွယ် ကလေးငယ်ကို ကိုရဲကိုဦး နှင့် မနွယ်နွယ်ထွန်းတို့၏ နေအိမ်တွင် ငှားရမ်းနေထိုင်သည့် ဉာဏ်ထက်ဦး၊ မခိုင်မာထွေး နှင့် မချစ်မြတ်နိုးလွင်တို့ (၃)ဦးသည် မီနီအိုးဝေဖြင့် တင်ဆောင်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ကို အိမ်နီးနားချင်းများ၏ ပြောဆိုချက်အရ သိရှိခဲ့ရသည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထို့ကြောင့် ကလေးငယ်၏ မိဘများအနေဖြင့် ဉာဏ်ထက်ဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းမကိုင်ဘဲချခဲ့ပြီးနောက် Message ဖြင့် "သမီးဖြစ်သူအား ပြန်လိုချင်လျှင် ကျပ်သိန်း ၅၀၀ ကို Kpay လွှဲပေးရမည်"ဟု စာပေးပို့ကာ ပြန်လည်ဆက်သွယ်လာခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ရဲတိုင်ပါက ကလေးသေမည်ဖြစ်ပြီး ကလေးအသက် မသေစေလိုပါက ပိုက်ဆံအမြန်လွှဲပေးရန် ခြိမ်းခြောက်ကာ စာပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြန်ပေးဆွဲခံရသည့် ကလေးငယ်အား ဆက်လက်ရှာဖွေမှုများပြုလုပ်ရာတွင် အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရား၏ မြောက်ဘက် ဆောက်လုပ်ဆဲတိုက်အတွင်း၌ ပြန်ပေးဆွဲသူ(၃)ဦးနှင့်အတူ တွေ့ရှိခဲ့သည့် အတွက် ဒေသခံများ၏အကူအညီဖြင့် ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ ဉာဏ်ထက်ဦး၊ မခိုင်မာထွေးနှင့် မချစ်မြတ်နိုးလွင်တို့ (၃)ဦးကို ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၈၇ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၆၃ သည် လူခိုးမှုအဖြစ် သတ်မှတ်ထားပြီး ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူလျှင် ထိုသူကို (၇)နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၃၈၇ တွင် မည်သူမဆို ချောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန် တစ်ဦးတစ်ယောက်သောသူကို ဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ သေစေမည် သို့တည်းမဟုတ် အပြင်းအထန်နာကျင်စေမည်ဟု ကြောက်ရန်ပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင် ၎င်းကို (၇)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားကို အပိုင်းပိုင်းခုတ်ဖြတ်ကာ သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို အိန္ဒိယအာဏာပိုင်များက အမြန်ဆုံးဖမ်းဆီးပေးနိုင်မည်ဟု မျှော်လင့်မိကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော
RELATED POSTS
08 Nov 2024 | မှုခင်း,နိုင်ငံတကာ
08 Nov 2024 | မှုခင်း,ပြည်တွင်း