မြန်မာနိုင်ငံသားကို အပိုင်းပိုင်းခုတ်ဖြတ်ကာ သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို အိန္ဒိယအာဏာပိုင်များက အမြန်ဆုံးဖမ်းဆီးပေးနိုင်မည်ဟု မျှော်လင့်မိကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော
Pika (NSS) - ဇန်နဝါရီ ၂၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bang Khunthian ခရိုင်တွင် ခန္ဓာကိုယ်အပိုင်းပိုင်းဖြတ်ခံရကာ ရေခဲသေတ္တာအတွင်း ထည့်ထားခံရသော မြန်မာနိုင်ငံသားကို သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး သံသယရှိသူ အိန္ဒိယနိုင်ငံသား(၂)ဦးကို အိန္ဒိယအာဏာပိုင်များက မကြာမီအချိန်အတွင်း ဖမ်းဆီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ က ပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံရှိ အိန္ဒိယသံရုံးမှတစ်ဆင့် သံသယရှိသူနှစ်ဦးအား ဖမ်းဆီးပေးရန် တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန် တရားခံလွှဲပြောင်းရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြကြောင်း ရဲချုပ် Torsak Sukvimol က ပြောကြားခဲ့သည်။
အဆိုပါအိန္ဒိယနိုင်ငံသားနှစ်ဦးလုံးသည် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည့် ဇန်နဝါရီလ(၂၁)ရက် မတိုင်မီ ထိုင်းနိုင်ငံတွင်းမှထွက်သွားခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သံသယရှိသူများထဲမှ တစ်ဦးသည် ဇန်နဝါရီလ(၂ဝ)ရက်တွင် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သော အလုပ်ပွဲစားတစ်ဦးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် အချို့နိုင်ငံများအတွက် အစိုးရ၏ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို အသုံးပြုကာ မကြာသေးမီက ရောက်ရှိလာသူများကို ဂရုစိုက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။ အဆိုပါအစီအစဉ် စတင်သည့်အချိန်မှစတင်ပြီး အိန္ဒိလူမျိုးများသည် အကြီးမားဆုံးခရီးသွားအုပ်စုကို ဖွဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် လူကုန်ကူးမှုများ၊ ငွေကြေးခဝါချမှုများ၊ နည်းပညာဆိုင်ရာရာဇဝတ်မှုများတွင် ပါဝင် ပတ်သက်နိုင်သည့် ဩဇာအာဏာကြီးမားသော ခရီးသွားများကို ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ရဲချုပ် Torsak Sukvimol က ပြောကြားခဲ့သည်။
အခြားသံသယရှိသူတစ်ဦးမှာ Sundaravel Pragadeesh Kumar ဟု အမည်ရသည့် အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို ဦးစီးလုပ်ကိုင်ခဲ့သူဖြစ်ကြောင်း Tha Kham ရဲစခန်းမှ စစ်ဆေးရေးအရာရှိ Chakree Ditjai က ပြောကြားခဲ့သည်။
အဆိုပါအိန္ဒိယအမျိုးသား၏ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီသည် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံအတွင်းတွင် နှစ်ပေါင်းများစွာနေခဲ့ကြောင်း Thakham ရဲစခန်း အကြီးအကဲ Lertsak Khiansap က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တွင် လူ(၈)ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ