လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အခြေခံဥပဒေကို ကျော်လွန်စဉ်းစားသင့်ကြောင်း တပ်ချုပ်အား ရခိုင့်ဦးဆောင်ပါတီ အကြံပြုခဲ့
မြူနစ် (NSS) - ဇန်နဝါရီ ၇
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အခြေခံဥပဒေကို ကျော်လွန်စဉ်းစားသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရခိုင့်ဦးဆောင်ပါတီက အကြံပြုတိုက်တွန်းခဲ့သည်။
ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)တွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ(၃၉)ပါတီတို့ နေပြည်တော်၌ တွေ့ဆုံစဉ် ရခိုင့် ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အထက်ပါကဲ့သို့ အကြံပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြဿနာများသည် အခြေခံဥပဒေဆိုင်ရာပြဿနာသာဖြစ်ကြောင်း ဒေါက်တာအေးမောင်က ယူဆထားသည်။
“အဲဒါကြောင့် အခြေခံဥပဒေအရပဲ ဖြေရှင်းမှ လက်ရှိလွတ်လပ်ရေးနဲ့အတူ ဖြစ်လာတဲ့ပြဿနာကြီးကို ဖြေရှင်းနိုင်မယ်။ ကျွန်တော်တို့ စဉ်းစားတဲ့အခါမှာ ၂၀၀၈ အခြေခံဥပဒေကို ကျော်လွန်ပြီး စဉ်းစားပေးဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင် အခြေခံဥပဒေကိုပြင်ဖို့ ချဉ်းကပ်တဲ့ကဏ္ဍမှာ တစ်လျှောက်လုံးပေါ့လေ ပွင့်ပွင့်လင်းလင်းပြောရင် ဦးသိန်းစိန် ကာလကနေ ဒေါ်အောင်ဆန်းစုကြည်ကာလအထိ UPDJC မှာ ကျွန်တော်တို့ ပါခဲ့ပါတယ်။ ခြောက်နှစ်ကျော်ကာလဆွေနွေးတဲ့အခါမှာ အခြေခံဥပဒေကို ပြင်ဆင်ရန် (၅၁)ချက်ပဲရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လက်ရှိ နာတာရှည်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းဖို့ဆိုရင် အခြေခံဥပဒေကိုကျော်ပြီး စဉ်းစားဖို့လိုမယ်။ ဒါတစ်ချက် တင်ပြတာရှိတယ်”ဟု ၎င်းက NSS ကို ပြောသည်။
ထို့ပြင် အချင်းချင်းသတ်ဖြတ်နေမှုများကို ရပ်တန့်စေလိုကြောင်းနှင့် ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်းလည်း ရခိုင့်ဦးဆောင်ပါတီက ထပ်မံအကြံပြုခဲ့ကြောင်း သိရသည်။
“တစ်လျှောက်လုံး တိုက်လာခိုက်လာကြတာလေ။ ဘယ်တော့မှ မပြီးဘူး။ လွတ်လပ်ရေးအရသာက ငြိမ်းချမ်းရေးနဲ့စတာဗျ။ ခင်များတို့ တွေးကြည့်လေ။ ပင်လုံစာချုပ်မှာ ညှိနှိုင်းကြတယ်။ တိုင်ပင်ကြတယ်။ ပြည်ထောင်စုနိုင်ငံတော်ကြီးကို အတူတည်ဆောက်ကြမယ် ကတိကို ပေးကြတယ်ပေါ့။ အဲဒါကြောင့် ပင်လုံကတိကဝတ်တွေကို ပြန်သတိရဖို့လိုမယ်။ အဲဒီက ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ကို အပြည့်အဝပေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားဖို့လိုမယ်”ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။
ထို့ကြောင့် အခြေခံဥပဒေဆိုင်ရာကို အဓိကထား စဉ်းစား၍ မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်ကာ သွေးမြေကျနေမှုများကို ရပ်တန့်စေလိုကြောင်း ၎င်းက အကြံပြုတိုက်တွန်းခဲ့သည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများ ပြင်းထန်နေလျက်ရှိပြီး မြို့/ရွာများသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ အဆုံးသတ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂပြော
RELATED POSTS
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
11 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ