စစ်တိုက်ပြီး နိုင်ငံတော်အရေးဖြေရှင်း၍မရဟု ကချင်အထူးဒေသ(၁)ဥက္ကဋ္ဌပြော
ကျော်(NSS) - ဇန်နဝါရီ ၁
စစ်တိုက်ပြီး နိုင်ငံတော်အရေးဖြေရှင်း၍ မရကြောင်း ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။
၎င်းက ယနေ့ (ဇန်နဝါရီလ ၁ ရက်)တွင်ကျရောက်သည့် နိုင်ငံတကာနှစ်သစ်နေ့၌ ထုတ်ပြန်သည့် နှစ်သစ်ကူးသဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။
ဒီမိုကရေစီနိုင်ငံရေးသည် အသက်ရှင်နေသော လူသားများ၏ နိုင်ငံရေးဖြစ်ရမည်ဖြစ်ကာ သက်ဦးဆံပိုင်နိုင်ငံရေးမဖြစ်စေရဘဲ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံရေးမဖြစ်စေရန်လည်း ပြစ်မှုကျူးလွန်ချိုးဖောက်ခြင်းကို ဥပဒေပြဋ္ဌာန်း ၍ တားမြစ်ထားသည်ဟု ၎င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း၌နေထိုင်သူများသည် လူမျိုးမတူ၊ ခံယူချက်မတူ၊ အသိတရားမတူ ယုံကြည်ကိုးကွယ်မှု ဘာသာမတူသော်လည်း တရားဥပဒေလိုက်နာကျင့်သုံးမှုတူညီရမည်ဟု ပြောသည်။
"ကျွန်တော်တို့နိုင်ငံတော်နဲ့ပြည်သူ/ပြည်သားတွေကို အဆိုးဆုံးဖျက်ဆီးနေတာက လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပါတယ်။ ဒါ့ပြင် လက်နက်ကိုင်ပဋိ ပက္ခတွေအားလုံးဟာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖျက်ဆီးနေပါတယ်"ဟု ဦးဇခုန်တိန့်ယိန်းကပြောသည်။
အဆိုပါ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုထာဝရရှိရေးကို လူတိုင်းလိုက်နာဖော်ဆောင်ရမည်ဖြစ်ပြီး စစ်ပွဲမှန်သမျှဆန့်ကျင်တားဆီးကြရမည်ဖြစ်ကာ စစ်ပွဲကြောင့် လူ့အသက်အိုးအိမ်ဓနဥစ္စာပျက်စီးနေရပြီး ကြီးမားသောနစ်နာဆုံးရှုံးမှုကြီးများ မရေမတွက်နိုင်အောင်ရှိနေသည်ဟု ၎င်းက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားထားသည်။
ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းသာယာသောဘဝတည်ဆောက်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း၊ အပြန်အလှန် အပေးအယူ မျှမျှတတ မူဝါဒပေါ်လစီကျင့်သုံးခြင်းများပြုလုပ်ရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
"အဲဒီလို စားပွဲဝိုင်းနိုင်ငံရေးဆွေးနွေးပွဲတွေကနေ ရယူနိုင်တဲ့ သဘောတူညီချက်တွေဟာ အဖြေမှန်ဖြစ်ပါတယ်။ အဖြေစစ်စစ် ဖြစ်ပါတယ်။ စစ်တိုက်ပြီးနိုင်ငံတော်အရေးဖြေရှင်းလို့မရနိုင်ပါဘူး"ဟု ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံသည် စက်ရုံ၊ အလုပ်ရုံ၊ လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ရရှိရေး၊ ရေရရှိရေးနှင့် စိုက်ပျိုးမြေရရှိရေး၊ နည်းပညာဖွံ့ဖြိုးရေးတို့တွင် ခေတ်နောက်ကျနေသော်လည်း အဖျက်အမှောက်လုပ်ငန်းများမှာမူတိုးတက်နေသည်ဟု ဦးဇခုန်တိန့်ယိန်းက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပျူမြို့ဟောင်း(၃)မြို့ရှိ ယဉ်ကျေးမှုဇုန်များသို့ လာရောက်သည့် နိုင်ငံခြား သားများ၏ ဝင်ကြေးများ ပြောင်းလဲကောက်ခံ
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ