မူဆယ်မြို့အဝင်ရှိ ရပ်တော်မူဘုရားဝင်းအတွင်းသို့ Drop Bomb ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
NSS - ဒီဇင်ဘာ ၄
မူဆယ်မြို့အဝင်ရှိ ရပ်တော်မူဘုရားဝင်းအတွင်းသို့ Drop Bomb ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့(ဒီဇင်ဘာလ ၄ ရက်)၊ နံနက်(၁၁)နာရီအချိန်ခန့်တွင် မူဆယ်မြို့အဝင် လွယ်တိန်ခမ်းတောင်ပေါ်ရှိ ရပ်တော်မူဘုရားဝင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရပ်တော်မူဘုရားက မူဆယ်မြို့အစပ်မှာပဲရှိတာ ဘယ်ဘက်အခြမ်းမှာရှိတာပေါ့။ မူဆယ်မြို့ရဲ့အစကလွယ်တိန်ခမ်းတောင်ပဲ။ Drop Bomb (၇)လုံးကျတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိဘူး။ ဘုရားဝင်းထဲမှာတော့ ပျက်စီးသွားတာတွေရှိတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ဘုရားဝန်းအတွင်းရှိ သာသနိကအဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်းကလည်း မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နှင့်တစ်ဝိုက်ရှိ အရပ်သားများနေထိုင်ရာ အိမ်အနီးသို့ Drop Bomb များ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ဖူးသည်။
TNLA ပူးပေါင်းအဖွဲ့သည် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ လုံခြုံရေးစခန်းများနှင့် မူဆယ်မြို့အဝင်ရှိ လုံခြုံရေးစခန်းများကို ပြီးခဲ့သောရက်ပိုင်းများအတွင်း စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
“အရင်ကတော့ မူဆယ်(၁၀၅)မိုင်အထိပဲ တိုက်ပွဲတွေဖြစ်တာ အခုက မူဆယ်မြို့နားအထိရောက်လာပြီဆိုတော့ ဒေသခံတွေကလည်း စိုးရိမ်နေကြတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် (၁၀၅)မိုင်တွင်လည်း နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများ ယနေ့အထိရှိနေပြီး စစ်ဘေးရှောင်ပြည်သူများ သွားရောက်ခေါ် ဆောင်ခြင်းများကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့နယ်ရှိ စတိုးဆိုင်တစ်ခုအနီး၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း