ထင်းမီးဖိုဖြင့် ထမင်းဟင်းချက်ရာမှ မီးကူးစက်လောင်ကျွမ်းကာ နေအိမ်အလုံး (၄ဝ)ကျော်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၆၀)ခန့်မီးဘေးသင့်ခဲ့
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ထင်းမီးဖိုဖြင့်ထမင်းဟင်းချက်ပြုတ်စဥ် မီးကူးစက်လောင်ကျွမ်းခဲ့မှု ယနေ့ (ဒီဇင်ဘာလ ၂ ရက်)၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၊ ငွေသောင်ဖြူ(၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မီးလောင်တဲ့နေရာက ငွေသောင်ဖြူ(၁)ရပ်ကွက် သဲပုံစေတီနားမှာရှိတဲ့ အိမ်တစ်လုံးမှာ ထင်းမီးနဲ့ထမင်းဟင်းချက်နေရင်း ဘေးက ဝါးထရံကို မီးကူးပြီးလောင်တာပါ။ အခင်းဖြစ်နေရာက သဲသောင်ပြင်နားမှာရှိတာ နောက်ပြီး မီးလောင်သွားတဲ့အိမ်တွေက ဝါးထရံ ကာထားကြတာများတော့ ပိုပြီးမီးလောင်လွယ်သွားတာပါ"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုအား ရေးမြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
"မီးလောင်ချိန် ၂ နာရီကျော်လောက်ကြာတယ်။ အိမ်ခြေအလုံး ၄၀ ကျော်လောက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်"ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် နေအိမ်အလုံး ၄၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ပြီး ယင်းနေအိမ်များ၌နေထိုင်သည့် အမျိုးသား၊ အမျိုးသမီး ၁၆၀ ဦးခန့် မီးဘေးသင့်ခဲ့သဖြင့် ကျေးရွာရှိ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်းတိုက်တွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ကူညီစောင့်ရှောက်ပေးထားကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီခန့်ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ၃ ထပ်နေအိမ်တစ်လုံး၏ အောက်ထပ်ရှိ အိပ်ခန်းအတွင်း၌ ဖယောင်းတိုင်မီးထွန်းထားရာမှ အနီးရှိမွေ့ယာပေါ်သို့လဲကျပြီး နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့သည်။
ယင်းဖြစ်စဥ်၌ နေအိမ် ၅ လုံးပျက်စီးဆုံးရှုံးကာ လူဦးရေ ၅၀ ခန့် မီးဘေးသင့်ခဲ့သဖြင့် တာဝန်ရှိသူများက ၎င်းတို့အား ယာယီနေရာချထားပေးပြီး ကူညီပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူမြို့နယ်တွင် တွဲကားတိမ်းမှောက်၍ ဘေးတွဲဆိုင်ကယ်ပေါ် ပိမိခဲ့ပြီး ပိမိနေသူများကို ကယ်ထုတ်နေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း