စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ပြီးရင် အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရယူသွားမယ်လို့ အစ္စရေးအစိုးရ ပြော
Pika (NSS) - အောက်တိုဘာ ၃၁
ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံတို့မှာ ၎င်းတို့ရဲ့စစ်ရေးရည်မှန်းချက်တွေ အောင် မြင်ပြီးရင် အစ္စရေးဟာ အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရယူဖို့ စီစဉ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
အစ္စရေးက အီရန်ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ နေတန်ရာဟုက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ နေတန်ရာဟုက "ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဂါဇာကို မထိန်းချုပ်တော့တဲ့နေ့၊ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ကျွန်တော်တို့နိုင်ငံမြောက်ပိုင်းနယ်စပ်မှာ အခြေချမှုတွေမရှိတော့တဲ့နေ့တွေအတွက် ရင်ဆိုင်နေရတဲ့စစ်မျက်နှာစာနှစ်ခုကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ အစီအစဉ်တွေကို ကျွန်တော်တို့လုပ်နေပါတယ်။ အဲဒီလိုတည်ငြိမ်သွားပြီဆိုရင် နောက်ထပ်အရေးကြီးတာတွေကို ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ပြောဆိုခဲ့ပါတယ်။
အဲဒီရည်မှန်းချက်တွေအားလုံး အောင်မြင်ပြီးရင် အစ္စရေးဟာ အခြားအာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် သမိုင်းဝင် Abraham သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးမှုနဲ့အတူ ဒေသတွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။ နေတန်ရာဟုက "အခြားအာရပ်နိုင်ငံတွေဟာ ကျွန်တော်တို့ကို တိုက်ခိုက်နေတဲ့ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို မြင်မှာပါ"လို့ ပြောဆိုခဲ့ပါတယ်။
အီရန်ဟာ ယခုလအစောပိုင်းမှာ အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက် ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အပါအဝင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ရဲ့ အကြီးတန်းအရာရှိတွေ သေဆုံးခဲ့မှုကြောင့် ယခုလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အီရန်ဘက်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးဟာ အီရန်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိကျတဲ့တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
‘‘ ဒီဂျစ်တယ်ယွမ်မှတစ်ဆင့် နိုင်ငံတော် အာဏာကို ဖြန့်ကြက်ခြင်း ”
RELATED POSTS
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
30 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
28 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ