(၁ ဒသမ ၅၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကလေးမြို့၌ ဖမ်းဆီးရမိ
Pearl (NSS) - ဇန်နဝါရီ ၄
ကလေးမြို့၌ (၁ ဒသမ ၅၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ပြီးခဲ့သော ဒီဇင်ဘာလ ၃၀ ရက်၊ နေ့လည် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဒိုးဝိုင်းချောင်းအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒိုးဝိုင်းချောင်းအနီးတွင် သိန်းဇော် မောင်းနှင်ပြီး မန့်ရှင်းတွောင် လိုက်ပါလာသည့် LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်ကို သတင်းအရရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထိုသို့ သတင်းအရရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်လာသည့် စက္ကူဂျပ်ဖာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်(၁ ဒသမ ၅၇) ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၃ ဒသမ ၇၅ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား ကလေးမြို့မှ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၃၁ ရက်၊ ည (၇)နာရီခွဲခန့်တွင် တနင်္သာ ရီတိုင်း၊ မြိတ်မြို့နယ်၊ ကုန်းဖောက်ရပ်တွင် ကျပ်သိန်း ၂၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် အဆိုပါ ကုန်းဖောက်ရပ်တွင်ထိုက်ထိုက် (ခ)ထိုက်ငယ် နှင့် အာကာစိုး(ခ)ဖိုးတုန်းတို့အား ဘေးတွဲ မော်တော်ဆိုင် ကယ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား(ဒေသကာလပေါက် ဈေး တန်ဖိုးငွေ ကျပ်သိန်း ၂၇၀၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုက်ထိုက်(ခ)ထိုက်ငယ်(၃၃)နှစ် နှင့် အာကာစိုး(ခ)ဖိုးတုန်း(၂၈)နှစ်တို့အား မြိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ရေးဆွဲနိုင်ရန် အမျိုးသားညီလာခံ၌ ပါဝင်ဆွေးနွေးခဲ့သူ (၁၀၂၁)ဦးကို တပ်ချုပ်က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ