အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ရေးဆွဲနိုင်ရန် အမျိုးသားညီလာခံ၌ ပါဝင်ဆွေးနွေးခဲ့သူ (၁၀၂၁)ဦးကို တပ်ချုပ်က ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်
မြူနစ် (NSS) - ဇန်နဝါရီ ၄
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အား ရေးဆွဲနိုင်ရန် အမျိုးသားညီလာခံ၌ ပါဝင်ဆွေးနွေးခဲ့သူ (၁၀၂၁)ဦးကို တပ်ချုပ်က ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်လိုက်ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီလ ၄ ရက်) တွင် ကျရောက်သော (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့၌ အထက်ပါကဲ့သို့ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ပေးအပ်လိုက်ကြောင်း နစကအစိုးရက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ညီလာခံကိုယ်စားလှယ် (၁၀၂၁)ဦးကို ပေးအပ်လိုက်ခြင်းဖြစ်သည်။
လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်မျိုးမြင့်(ငြိမ်း)၊ ဗိုလ်မှူးချုပ်မင်းသိန်းတင့်(ငြိမ်း) အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၂၁)ဦးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၌ ကျင့်သုံးနေသည့် အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ရေးဆွဲနိုင်ရန်အတွက် အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ် စတင်ခေါ်ယူခဲ့ပြီး (၁၄)နှစ်အကြာပြီးနောက် ၂၀၀၈ ခုနှစ်အတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
၎င်းအခြေခံဥပဒေအား ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကာလများ၌ ပြင်ဆင်ရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း သိသိသာသာပြင်ဆင်နိုင်ခြင်းမရှိခဲ့ပေ။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ဖူးသည်။
လက်ရှိနစကအစိုးရသည် အမျိုးသားညီလာခံများ ကျင်းပခဲ့သော ရန်ကုန် တိုင်းအတွင်းရှိ ညောင်နှစ်ပင်ညီလာခံခန်းမကိုလည်း ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားမှုများရှိခဲ့ကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ တစ်မနက်တည်း မီးလောင်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ရာ အဖွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ