ဆိုင်ကယ်ဖြင့် ကုန်းတံတားနံရံကိုတိုက်မိပြီး မြန်မာနိုင်ငံသားနှစ်ဦးတံတားအောက်ပြုတ်ကျသေဆုံးခဲ့မှု ဘန်ကောက်မြို့တွင်ဖြစ်ပွား
ကျော် (NSS) - ဇန်နဝါရီ ၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆိုင်ကယ်ဖြင့် ကုန်းတံတားနံရံကိုဝင်တိုက်မိပြီး မြန်မာနိုင်ငံသားနှစ်ဦး တံတားအောက်ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ဝ ရက်တွင် မြန်မာနိုင်ငံသားများဖြစ်သည့် နိုင်စော(၃၀)နှစ် နှင့် အသက်(၄၀)နှစ်ခန့်ရှိ မြန်မာနိုင်ငံသားတစ်ဦးတို့သည် ဖလမ်ဆောင်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဥ် ကုန်းတံတားပေါ်အရောက်အရှိန်မထိန်းနိုင်ဘဲ ကုန်းတံတားနံရံအားဝင်တိုက်မိပြီးနောက် တံတားအောက်သို့ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
"အခင်းဖြစ်တဲ့အချိန်ကိုတော့ ကျွန်တော်တို့မသိဘူးဗျ။ ရဲကမြန်မာနှစ်ယောက်ကုန်းတံတားအောက်ပြုတ်ကျပြီးသေဆုံးနေတယ်။ အလောင်းတွေကိုဆေးရုံပို့ထားတယ်ဆိုပြီး အကြောင်းကြားမှသာသိရတာ။ ရဲတွေပြောပုံအရဆိုရင် ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းမောင်းလာတယ်။ နောက်တံတားရဲ့ "ဂ"ကွေ့နေရာမှာ အရှိန်မထိန်းနိုင်တော့ဘဲ တံတားနံရံကိုဝင်တိုက်မိတာလို့သိရတယ်"ဟု မြန်မာနိုင်ငံသားများအရေးကူညီပေးနေသူ ကိုကျော်ကျော်က NSS ကိုပြောသည်။
ကုန်းတံတားနံရံအားဝင်တိုက်မိပြီးနောက် တံတားအောက်သို့ပြုတ်ကျစဥ် ဆိုင်ကယ်မောင်းနှင်လာသည့် နိုင်စော၏ဦးခေါင်းအား ကားတစ်စီးမှထပ်မံတတ်ကြိတ်မိခဲ့ရာ ဦးခေါင်းကွဲထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
"တက်ကြိတ်မိတဲ့ကားကို ရဲတွေကစုံစမ်းနေတယ်။ ကျွန်တော်တို့ဖက်ကလည်း လိုအပ်တာတွေလိုက်ပြီးကူညီလုပ်ကိုင်ပေးနေတယ်။ နိုင်စောက ခေါင်းပွင့်ပြီးသေဆုံးသွားသလို နောက်ကထိုင်စီးလာတဲ့လူကလည်း ပြုတ်ကျတဲ့အရှိန်ကြောင့် ခြေထောက်နဲ့လက်ကျိုးပြီးသေဆုံးပါတယ်။ ဆိုင်ကယ်ကတံတားပေါ်မှာပဲကျန်ခဲ့တယ် လူတွေပဲအောက်ကိုပြုတ်ကျသွားတာ"ဟု မြန်မာနိုင်ငံသားများအရေးကူညီပေးနေသူ ကိုကျော်ကျော်က NSS ကိုဆက်လက်ပြောသည်။
ဖြစ်စဥ်အား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ကုန်းတံတားအောက်ပြုတ်ကျစဥ် နိုင်စော၏ ဦးခေါင်းအားတက်ကြိတ်မိခဲ့သည့် ကားမောင်းသူအား စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများအားသဂြိုလ်နိုင်ရန် ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အဆက်အသွယ်ရရှိနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်သစ်ကူးညတွင် ကမာကြည်တံတားပေါ်၌ ကားနှစ်စီးတိုက်မိခဲ့ရာ လူ(၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ