နှစ်သစ်ကူးနေ့ နံနက်အစောပိုင်းတွင် လားရှိုးမြို့အထွက်ရှိ "အီနိုင်း" တံတားမိုင်းခွဲဖျက်ဆီးခံရပြီး ကျိုးကျသွားခဲ့
ကျော် (NSS) - ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အထွက်ရှိ "အီနိုင်း" တံတားအား ယနေ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် အစောပိုင်း တွင် TNLA / KIA ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ၃ နာရီ ၃ဝ မိနစ်ကျော်ခန့်က TNLA / KIA ပူးပေါင်းအဖွဲ့ဝင်များမှ လားရှိုးမြို့အထွက် အီနိုင်းကျေးရွာ အနီး လားရှိုး-နမ္မတူသွားကားလမ်းပေါ် လားရှိုးမြို့မှ (၉)မိုင်ခန့်အကွာရှိ "အီနိုင်း" တံတားအား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
"မနက်က အစောပိုင်းမှာ ပေါက်ကွဲသံ(၃)ချက်လောက်ကြားလိုက်ရတယ်။ ပေါက်ကွဲသံတွေ အကုန်လုံးက အသံ အတော်ကျယ်တာ။ ဘယ်နေရာမှာ ပေါက်ကွဲမှုဖြစ်တာလည်းဆိုတာတော့ မသိသေးဘူး။ အသံကြားကြားချင်းမှာ အိပ်ပျော်နေရာကနေ ပေါက်ကွဲသံတွေကြားလို့ ပြန်ပြီးအိပ်လို့လည်း မရတော့ဘူး။ ဒီမနက်ပိုင်း စုံစမ်းကြည့်မှ "အီနိုင်း" တံတား မိုင်းခွဲဖျက်ဆီးခံရတာကိုသိတာ။ တံတားက အလယ်လောက်ကနေ လုံးဝကို ကျိုးကျသွားတာ" ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ထိုသို့မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် "အီနိုင်း" တံတားမှာ တံတား၏ အလယ်မှစတင်ကာ ကျိုးကျပျက်စီးသွားခဲ့ပြီး တံတားလက်ရမ်းများလည်း ပျက်စီးခဲ့သဖြင့် ဖြတ်သန်းသွားလာမှုပြုလုပ်၍မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။
"ကုန်စည်စီးဆင်းမှုအတွက်မပြောနဲ့ လူတောင်ဖြတ်သွားလို့ မရတော့ဘူး။ အဲဒီတော့ ဒီကဒေသခံတွေအတွက် ဆိုးကျိုးတွေ ပိုပိုပြီးကြုံနေရတယ်။ အခုဆိုရင် ကုန်စည်စီးဆင်းမှုလည်း အရင်ကထက် ပိုပြတ်သွားမှာ။ ဒီ "အီနိုင်း"တံတားက လုံးဝကျိုးကျသွားတော့ ပြန်ပြီးပြင်ဆင်ဖို့ဆိုတာ အတော်ကြာအုံးမှာ လက်ရှိ တိုက်ပွဲတွေ အခြေ အနေအရလည်း ပြင်ဆင်ဖို့လုပ်ဖို့ဆိုတာ မလွယ်ဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။
ပျက်စီးမှုများဖြစ်ပေါ်သွားသည့် "အီနိုင်း" တံတားအား ပြန်လည်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် နှင့် ယာယီဘေလီ တံတားထိုးနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ နှင့် လမ်း/တံတားတာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ လားရှိုးမြို့အား ဝင်/ထွက်သွားလာနိုင်သည့်လမ်းကြောင်းမှာ နမ့်ပေါင် ဝင်/ထွက် လမ်းကြောင်း တစ်ခုသာရှိတော့သဖြင့် လားရှိုးမြို့သို့ လာရောက်မည့်သူများ ပြန်လည်ထွက်ခွာမည့်သူများအနေဖြင့် နမ့်ပေါင်လမ်းကိုသာ အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက် ည ၆ နာရီခန့်ကလည်း သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက်ထားသည့် "မိုးတေ" တံတားအား လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးခဲ့ကြသဖြင့် ကားကြီးများ သွားလာ၍မရဘဲ ကားလေးများသာ ဖြတ်သန်းသွားလာနိုင်တော့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်ပေါင်း ၅၂ နှစ်ကျော်ကြာ စိုးစံခဲ့ပြီးနောက် ထီးနန်းအရိုက်အရာကို စွန့်လွှတ်တော့မယ့် ဒိန်းမတ်ဘုရင်မကြီး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ