နှစ်ပေါင်း ၅၂ နှစ်ကျော်ကြာ စိုးစံခဲ့ပြီးနောက် ထီးနန်းအရိုက်အရာကို စွန့်လွှတ်တော့မယ့် ဒိန်းမတ်ဘုရင်မကြီး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁
ဥရောပတိုက်မှာ နန်းစံတဲ့သက်တမ်းအကြာဆုံး ဘုရင်မကြီးအဖြစ် သတ်မှတ်ခံထားရတဲ့ ဒိန်းမတ်ဘုရင်မကြီးဟာ ဇန်နဝါရီလအတွင်းမှာထီးနန်းကို စွန့်လွှတ်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒိန်းမတ်ဘုရင်မကြီး Queen Margrethe II ဟာ ဒိန်းမတ်ဘုရင်ထီးနန်းကို ၁၉၇၂ ခုနှစ်ကတည်းက စတင်စိုးစံခဲ့ပြီး နှစ်ပေါင်း ၅၂ ကျော်ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်မှာ ထီးနန်းစိုးစံမှုတွေကို စွန့်လွှတ်သွားမှာ ဖြစ်ပါတယ်။ ဒိန်းမတ်ဘုရင်မကြီးဟာ ဒိန်းမတ်နိုင်ငံ ထီးနန်းအရိုက်အရာကို သားအကြီးဆုံးဖြစ်သူ အိမ်ရှေ့မင်းသား Frederik က ဆက်ခံသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဘုရင်မကြီးဟာ နှစ်သစ်ကူးမိန့်ခွန်းပြောဆိုချိန်အတွင်း ထီးနန်းစွန့်လွှတ်မယ့်အကြောင်းကို အံအားသင့်ဖွယ် ကြေညာသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒိန်းမတ်ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ကျောကုန်းကို ခွဲစိတ်ကုသခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၈၃ နှစ်အရွယ်ရှိ ဒိန်းမတ်ဘုရင်မကြီးက "ကျွန်မဟာ ထီးနန်း စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မဟာ ထီးနန်းကို ၅၂ နှစ်ကြာ စိုးစံခဲ့ပြီးနောက် သားကြီးဖြစ်သူကို ထီးနန်း လွှဲပြောင်းပေးသွားမယ်။ ကျွန်မဟာ ဇန်နဝါရီ ၁၄ ရက်မှာ ဒိန်းမတ်ဘုရင်မအဖြစ်က နှုတ်ထွက်တော့မယ်" လို့ ပြောပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရီဒါရစ်ဆန်က ဘုရင်မကြီးဟာ သူမရဲ့ဘဝတစ်လျှောက်လုံး နိုင်ငံတာဝန်တွေကို အပြည့်အဝထမ်းဆောင်ခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ၁၉၄ဝ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒိန်းမတ် ဘုရင်မကြီးဟာ ဥရောပတိုက်တဝှမ်းရှိ နိုင်ငံတွေရဲ့ဘုရင်စနစ်တွေမှာ ထီးနန်းစိုးစံမှု သက်တမ်းအကြာဆုံး ဘုရင်မကြီးအဖြစ် လက်ရှိအချိန်အထိ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီဇင်ဘာလ တတိယပတ်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း(၃၀၀)နီးပါးရရှိထား
RELATED POSTS
23 Sep 2024 | အထွေထွေ,ပြည်တွင်း
23 Sep 2024 | အထွေထွေ,နိုင်ငံတကာ
22 Sep 2024 | အထွေထွေ,နိုင်ငံတကာ