မဟာချိုင်မြို့၌ တရားမဝင်နေထိုင်သည့် မြန်မာမိန်းကလေးငယ် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံရ
ကျော် (NSS) - ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊မဟာချိုင်မြို့၌ တရားမဝင်နေထိုင်သည့် မြန်မာမိန်းကလေးငယ်တစ်ဦး မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် နေ့လည်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာအလုပ်သမားများ အရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါနေ့ နေ့လည်ပိုင်းက စမွတ်စခေါင်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိနေကြောင်း သတင်းအရ မဟာချိုင်မြို့၊ မဟာချိုင်စျေးအတွင်းရှိ တိုက်ခန်းတစ်ခု၏ ၄ လွှာရှိ အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ တိုက်ခန်းအတွင်း၌ အသက် (၁၉)နှစ်အရွယ်ရှိ မြန်မာမိန်းကလေးငယ်တစ်ဦးအား စိတ်ကြွ ဆေးပြား ၁ဝဝဝဝ ပြားကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းစိတ်ကြွဆေးပြားများအား အရောင်းအဝယ်ပြုလုပ်နေသူဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
"ကျွန်တော်တို့ မြန်မာမိန်းကလေးတစ်ယောက် မူးယစ်ဆေးဝါးမှုနဲ့ဖမ်းခံထားရတယ်။ သတင်းကြားတာနဲ့ ရဲစခန်းကို လိုက်သွားခဲ့ပါတယ်။ ဖမ်းခံထားရတဲ့ကောင်မလေးနဲ့တော့ တွေ့ခွင့်မရသေးပါဘူး။ ရဲတွေပြောပုံအရ ဆိုရင် ကောင်မလေးက မူးယစ်ဆေးဝါးရောင်းတယ်လို့ ဝန်ခံထားတယ်တဲ့။ နောက်ပြီး ကောင်မလေးက ဒီမှာ တရားမဝင်နေထိုင်နေတာလို့လည်း သိရတယ်။ အခုအဖမ်းခံရတဲ့ မဟာချိုင်စျေးတစ်ဝိုက်က မူးယစ်ဆေးအများဆုံး သုံးပြီး အရောင်းအဝယ်လုပ်တဲ့နေရာပါ" ဟု မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ကျော် က ပြောသည်။
မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာမိန်းကလေးငယ်အား ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေ၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် စမွတ်စခေါင်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ည ၈ နာရီ ၃ဝ မိနစ်ခန့်ကလည်း မဲဆောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ မြန်မာ နိုင်ငံသားနှစ်ဦး အရက်အတူသောက်နေစဥ် စကားများရန်ဖြစ်ရာမှ အသက်(၃၈)နှစ်အရွယ်သူက အသက်(၃၃)နှစ် အရွယ်ရှိသူ၏ လည်ပင်းအားချွန်ထက်သည့်အရာဖြင့်ထိုးခဲ့ရာ သေဆုံးသွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား မဲဆောက်မြို့ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဩစတြေးလျနိုင်ငံတွင် မိုးကြိုးမုန်တိုင်းများဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံးလူ(၉)ဦး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ