အစိုးရရုံးစိုက်ရာ နေပြည်တော်၌ အမျိုးသမီးတစ်ဦး ခန္ဓာကိုယ်နှစ်ပိုင်းဖြတ်၍ ရက်စက်စွာသတ်ဖြတ်ခံရမှုဖြစ်ပွား
မြူနစ်/Pearl (NSS) - ဒီဇင်ဘာ ၂၇
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်၌ အမျိုးသမီးတစ်ဦး ခန္ဓာကိုယ်နှစ်ပိုင်းဖြတ်၍ ရက်စက်စွာ သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ခန္ဓာကိုယ်နှစ်ပိုင်းပြတ်အနေအထားဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ဒီဇင်ဘာ ၂၆ ရက်၊ နံနက် ၆ နာရီအချိန်ခန့်တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ရာဇသင်္ဃဟလမ်းမနှင့် ပိတောက်လမ်းထောင့်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“မနက်(၆)နာရီလောက်က တွေ့တာ။ လာပစ်ချထားတာပေါ့နော်။ အာရုဏ်ပိုင်းလောက်က သတ်ထားတယ်လို့ ယူဆလို့ရတယ်။ အသက်ကတော့ (၄ဝ)နှစ် ဝန်းကျင်ပါ။ ဇေယျာသီရိမှာ နေတယ်လို့ကြားတယ်။ နှစ်ပိုင်းတောင် အပိုင်းခံထားရတာဆိုတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာအနည်းနဲ့အများတော့ ရှိတာပေါ့” ဟု ၎င်းအလောင်းအား မျက်မြင် တွေ့ရှိခဲ့သူတစ်ဦးက NP News ကို ပြောသည်။
ခန္ဓာကိုယ်နှစ်ပိုင်းဖြတ်ကာ သတ်ဖြတ်ခံထားရသည့် အမျိုးသမီး၏ရုပ်အလောင်းကို နေပြည်တော်ကုတင် (၃ဝဝ) ဆေးရုံသို့ ပို့ဆောင်ကာ သက်ဆိုင်ရာက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ်ကျော်လင်းက NP News ကို ပြောသည်။
"လက်ရှိတော့ အမှုဖွင့်ထားတယ်လို့တော့ သိတယ်။ ကျန်တာတော့ အသေးစိတ်တော့ ကျွန်တော်တော့ မသိသေးဘူး။ အမှုဖွင့်ပြီး စုံစမ်းနေတယ်ဆိုတာတော့ သိပါတယ်။ ကျွန်တော် တာဝန်တွေနဲ့အပြင်ရောက်နေလို့ ဂဃနဏ မသိဘူးဖြစ်နေတယ်။ မေးကြည့်ပြီး ပြန်ပြောပေးမယ်” ဟု ရဲမှူးချုပ်ကျော်လင်းက ဆိုသည်။
ထိုသို့သတ်ဖြတ်ခံခဲ့ရသောအမျိုးသမီးသည် ဆရာဝန်ကြီးတစ်ဦး၏ ဇနီးသည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ကိုမျိုးကြီးကလည်း ယင်းဖြစ်စဉ်သည် မသေမချင်း သတ်ကာ အလောင်းဖျောက်ပစ်သည့် ပုံသဏ္ဍန်မျိုးအဖြစ် ယူဆရကြောင်းလည်း NP News ကို မှတ်ချက်ပြု ပြောကြားထားသည်။
“တွေ့ရတဲ့ပုံအရဆိုရင်တော့ မသေမချင်းသတ်ထားတဲ့ပုံစံလို့ ယူဆရတယ်။ နှစ်ပိုင်း ပိုင်းထားတယ်ဆိုတော့ ဒါမသေမချင်း သတ်ပြီးတော့မှ ဒီသတ်တဲ့နေရာမှာ မဟုတ်ဘဲ တခြားနေရာမှာထားတဲ့ သဘောလည်းဖြစ်တယ်။ ဆိုလိုချင်တာကတော့ လူသတ်ပြီး အလောင်းကို သက်သေခံဖြစ်တဲ့နေရာမှာ မဟုတ်ဘဲနဲ့ သတ်တဲ့နေရာမှာ မဟုတ်ဘဲနဲ့ တခြားတစ်နေရာကို ပစ်ထားတဲ့ပုံစံအရ ပြောရမယ်ဆိုရင် လူသတ်ပြီးအလောင်းဖျောက်တဲ့ပုံစံလို့ ယူဆလို့ရတယ်” ဟု တရာလွှတ်တော်ရှေ့နေ ကိုမျိုးကြီးက ပြောသည်။
ထို့ပြင် ယခုကဲ့သို့ဖြစ်စဉ်မျိုးနှင့် အလားသဏ္ဍန်တူသည့် သတ်ဖြတ်မျိုးသည် ပြီးခဲ့သောနှစ်များအတွင်း၌ လောက်ကိုင်ဒေသတွင်လည်း ဖြစ်ပွားခဲ့ဖူးကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒါမျိုးတွေ မဖြစ်အောင်တော့ ထိထိရောက်ရောက် အရေးယူတာလုပ်မှသာလျှင် နောက်နောင်လည်း ဒီလို အလားတူ အဖြစ်မျိုးတွေ၊ အလားတူပြစ်မှုမျိုးတွေ မကျူးလွန်မှာ။ အဲဒီတော့ ထိထိရောက်ရောက်အရေးယူပေးပါလို့ပဲ အဲဒီလိုပဲပြောချင်တယ်” ဟု တရာလွှတ်တော်ရှေ့နေ ကိုမျိုးကြီးက ဆက်လက်ပြောသည်။
ယခုကဲ့သို့ လူသတ်အလောင်းဖျောက်သည့် အမှုဖြစ်စဉ်မျိုးနှင့်ပတ်သက်၍ ဥပဒေအရ သေဒဏ်အထိ ချမှတ်နိုင်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ကားလမ်းဖြတ်ကူးနေသည့် လင်မယား(၂)ဦးကို ကားတစ်စီးမှ တိုက်ပြေးမှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ