ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်သယ်ရထား နှင့် ထော်လာဂျီတို့ တိုက်မိခဲ့ရာ ထော်လာဂျီယာဉ်မောင်းအား တရားစွဲဆိုထား
စော (NSS ) - ဒီဇင်ဘာ ၂၆
ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်သယ်ရထားနှင့် ထော်လာဂျီတို့ တိုက်မိခဲ့ရာ ထော်လာဂျီယာဉ်မောင်းဖြစ်သူအား တရားစွဲဆိုထားကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မော်လမြိုင်ရထားလမ်း၊ မိုင်တိုင်အမှတ် (၁၃၅/၁၉) နှင့် (၁၃၅/၂၀)ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းလင်းကျောက်များ သယ်ဆောင်ရန် ထွက်ခွာမောင်းနှင်လာသော ကျောက်သယ်ရထားသည် အခင်းဖြစ်ပွားရာနေရာအရောက်၌ ရထားသံလမ်းပေါ်တွင် စက်ပျက်၍ ရပ်ထားသည့် ထော်လာဂျီအား အရှိန်မထိန်းနိုင်ဖြစ်ကာ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိမ်ဆိပ်နဲ့သထုံကြားမှာ တရားမဝင်လမ်းကူးရှိတယ်။ တရားမဝင်လမ်းကူးဆိုတာ ရပ်ကွက်က သူတို့ဘာသာဖောက်ထားတဲ့လမ်းပါ။ ထော်လာဂျီကဖြတ်တဲ့အချိန် ရထားလမ်းပေါ်မှာ စက်သေသွားတယ်။ စက်သေသွားတာကို ထော်လာဂျီသမားက ပြင်နေတုန်း ရထားက အရှိန်နဲ့လာတော့ အဲဒီနေရာမှာ တိုက်မိတာပါ။ မီးရထားက ထော်လာဂျီသမားကို တရားစွဲထားတယ်”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထော်လာဂျီယာဉ်မောင်းဖြစ်သူ ကိုကျော်ဇင်အား သထုံမြို့မရဲစခန်းတွင် တရားစွဲဆိုထားကြောင်း အထက်ပါတာဝန် ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ရထား၏ မိုင်းခံတွဲဘီးသည် လမ်းချော်သွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့တွင် တစ်ရပ်ကွက်တည်းနေသူချင်း စကားများရန်ဖြစ်ရာမှ အမျိုးသမီးတစ်ဦး ဓားထိုးခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ