(၂)လကျော်ကာလအတွင်း ငွေကျပ်သန်း(၇၀၀)ကျော်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီ ဂါလန်(၇၀၀၀၀) နီးပါးဖမ်းဆီးရမိခဲ့
Pearl (NSS) - ဒီဇင်ဘာ ၂၂
ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုလ(ဒီဇင်ဘာလ) အထိ (၂)လကျော်ကာလအတွင်း နေပြည်တော်အပါ အဝင် တိုင်းဒေသကြီး (၅)ခု၌ ငွေကျပ် (၇၃၅) သန်းကျော်တန်ဖိုးရှိ တရားမဝင်စက်သုံးဆီ ဂါလန်(၇၀၀၀၀) နီးပါးဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နစကမှ ဒီဇင်ဘာလ(၂၁)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၈)ရက်တွင် ရန်ကုန်တိုင်းဒေ သကြီး၊ မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာတွင် တရားမဝင် စက်သုံးဆီ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဂါလန် ၈၀၀ ဆံ့ သိုလှောင်ကန် ၁၄ ကန်နှင့် ဒီဇယ်ဆီ ဂါလန် ၇၂၀၊ ဂါလန် ၈၀၀ ဆံ့ အဖြူရောင် Bowser အခွံ နှစ်စီး၊ ဂါလန် ၈၀၀ ဆံ့ ဆီ Bowser ပုံစံဆီတိုင်ကီ အခွံနှစ်လုံးတို့အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ ခြံအမှတ် (၅၆၀) အတွင်းမှ ဆီ Bowser ပုံစံ (ဆလင်ဒါသံကန်) ဆီသိုလှောင်ကန် ၁၁ ကန်နှင့် ဒီဇယ်ဆီ ၆၈၅၇ ဂါလန်၊ 92 Ron ဂါလန် ၂၇၅၀ ပါသည့် ပီပါ ၅၅ လုံးနှင့် ပီပါအခွံ ၁၆ လုံး၊ ဒီဇယ်ဆီဂါလန် ၁၃၇၀ ပါရှိသည့် Hyundai အဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီး နှင့် Isuzu အဖြူရောင်ဆီသယ်ယာဉ် Bowser တစ်စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခု၏ ကျောင်းဝင်းအတွင်း၌ တရားမဝင် သိုလှောင်ထားသည့် စက်သုံးဆီ ၄၈ ဂါလန်ဆံ့သံပီပါ(၃)လုံး အပါအဝင် ပါဝါဆီအဖြူ၊ အဝါ၊ စက်ဆီ၊ ချောဆီ ၊ ဆီမဲအပျက်တို့အားလည်းကောင်း၊ သာကေတမြို့နယ်ရှိ အရောင်းဆိုင်များမှဝယ်ယူပြီး ပြန်လည်ရောင်းချသော မော်တော်ယာဉ်တစ်စီးမှ ဒီဇယ်ဆီပီပါ ၁၀ လုံးအားလည်းကောင်း၊ လှိုင်သာယာမြို့နယ်ရှိ အရောင်းဆိုင်တွင် တန်းစီဝယ်ယူသည့် မော်တော်ယာဉ်တစ်စီးမှ ပလတ်စတစ်ပီပါတစ် လုံး၊ သံပီပါ ခြောက်လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အသိပေးထားသည်။
ထို့ပြင် မန္တလေးတိုင်း၌ ဒီဇင်ဘာလအတွင်း မန္တလေး-စဉ့်ကူးလမ်းပိုင်းတွင် တရားမဝင်ဆီတင်ယာဉ် Bowser လေးစီးအား စက်သုံးဆီ ၃၆၈၇၇ ဂါလန် ၊ အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးတွင် တရားမဝင်ချက်ဆီ ဂါလန် ၆၀၀၀ သယ်ဆောင်လာသည့် ဆီသယ်ယာဉ်တစ်စီး ၊ ဖရဲကျွန်းကျေးရွာရှိ ခြံဝင်းအတွင်း၌ တရားမဝင်မြေအောက်သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံးဆီ ၃၃၈၆ ဂါလန် နှင့် အောက်တိုဘာလတွင် မန္တလေးတိုင်း ၊ ရန်လင်းအောင်ကားဂိတ်အနီးရှိ မော်တော်ယာဉ်ပေါ်တွင် တရားမဝင်ချက်ဆီဂါလန် ၃၇၈၀ ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆက် လက် သတင်းထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းအတွင်း၌လည်း ဒီဇင်ဘာလ (၁၀) ရက်မှ (၁၅) ရက်အတွင်း တရားမဝင်စက်သုံးဆီရောင်းချမှု (၁၇) မှု ဖမ်းဆီးရမိခဲ့ပြီး စက်သုံးဆီ ၇၁၉ ဂါလန်ခန့်နှင့် ဆက်စပ်ပစ္စည်းများပါဝင်ပြီး ပြည်ထောင်စုနယ်မြေအတွင်း၌ ဒီဇင်ဘာလ (၁၀) ရက်မှ (၁၄) ရက်အတွင်း တရားမဝင် စက်သုံးဆီရောင်းချမှု(၈)မှု ဖမ်းဆီးရမိပြီး စက်သုံးဆီဂါလန် ၁၀၀ ခန့်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း၌လည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကမ်းနားလမ်း၌ ပိုင်ရှင်မဲ့ချက်ဆီ ဂါလန် ၇၀၀ ခန့် ၊ မန်းကျည်းပင်ဈေး ကျောက္ကာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်မှ တရားမဝင်ချက်ဆီ ဂါလန် ၄၉၀ ခန့် နှင့် အောက်တိုဘာလအတွင်းကလည်း မုံရွာမြို့၊ ရပ်ကွက်ရုံးရှေ့ရှိ သုံးဘီးဆိုင်ကယ် နှစ်စီးပေါ်တွင် တရားမဝင်ချက်ဆီ ဂါလန် ၃၇၈၀ ခန့် နှင့် မော်တော် ယာဉ်တစ်စီးပေါ်တွင် တရားမဝင်ချက်ဆီ ၂၂၇၅ ဂါလန်ခန့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် (၂)လကျော်ကာလအတွင်း စုစုပေါင်း တရားမဝင်စက်သုံးဆီ ၆၉၉၀၉ ဂါလန်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၅ သန်းကျော်)၊ ဆီတင်ယာဉ် (Bowser) ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့စက်သုံးဆီသိုလှောင်ကန်များအပါအဝင် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်နှင့် မန္တလေးတိုင်းအတွင်းမှ မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်သည်လည်း စက်သုံးဆီရှိလျက်ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်း ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ စီမံခန့်ခွဲရေးနည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောင်းလုံးမြို့အတွင်းသို့ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂)ဦးသေဆုံးပြီး ကလေးငယ်(၄)ဦးအပါအဝင် (၈)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ