အမေရိကန်ဖျက်သင်္ဘောက ဟူသီလက်နက်ကိုင်အဖွဲ့ လွှတ်တင်ခဲ့သော ဒရုန်း(၁၄)စင်းကို ပင်လယ်နီအတွင်း ပစ်ချခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - ဒီဇင်ဘာ ၁၇
ဒီဇင်ဘာလ(၁၆)ရက်တွင် အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောသည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင် အဖွဲ့များ လွှတ်တင်ခဲ့သည့် ဒရုန်း(၁၄)စင်းကို ပင်လယ်နီအတွင်း ပစ်ချခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ကွပ်ကဲမှု ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် "ဒီဇင်ဘာလ(၁၆)ရက် အစောပိုင်းမှာ ပင်လယ်နီအတွင်းမှာရှိနေတဲ့ အမေရိကန်ရဲ့ Arliegh Burke-class ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS CARNEY (DDG 64) ဟာ ယီမင်မှာရှိတဲ့ ဟူသီလက်နက် ကိုင်အဖွဲ့ထိန်းချုပ်တဲ့နယ်မြေတွေကနေ လွှတ်တင်လိုက်တဲ့ ဒရုန်း(၁၄)စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီဒရုန်းတွေဟာ တစ်လမ်းသွားတိုက်ခိုက်ရေးဒရုန်းတွေလို့ ယူဆရပြီး ပစ်ချချိန်အတွင်း သင်္ဘောတွေ ထိခိုက် ပျက်စီးတာမျိုးမရှိခဲ့သလို လူထိခိုက်ဒဏ်ရာရရှိတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပင်လယ်နီအတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေကို သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ဒေသအတွင်းတွင် ရေကြောင်းသွားလာရေးဆိုင်ရာတင်းမာမှုများ မြင့်တက်နေချိန်အတွင်း ဗြိတိန်ရေတပ် ၏ ဖျက်သင်္ဘောတစ်စီးသည် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို ပင်လယ်နီအတွင်း ပစ်ချခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့်တ်ရှပ်စ်က ဒီဇင်ဘာလ(၁၆)ရက် အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဂရန့်တ်ရှပ်စ်က "ဒီဇင်ဘာလ(၁၆)ရက် အစောပိုင်းမှာ ဗြိတိန်ဖျက်သင်္ဘော HMS Diamond ဟာ ပင်လယ်နီအတွင်း မှာရှိတဲ့ကုန်တင်သင်္ဘောတွေကိုပစ်မှတ်ထားတဲ့ တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို ပစ်ချခဲ့ပါတယ်။ One Sea Viper ဒုံးကျည်ကို ကျွန်တော်တို့ပစ်ခတ်ခဲ့ပြီး ပစ်မှတ်ကို အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ဗြိတိန်အစိုးရသည် ဒေသအတွင်းတွင် ၎င်း၏တည်ရှိမှုကို ပိုမိုမြှင့်တင်ရန်အတွက် ၎င်း၏ အဆင့်အမြင့်ဆုံး သင်္ဘောများထဲမှတစ်စီးဖြစ်သည့် ဖျက်သင်္ဘော HMS Diamond ကို ပင်လယ်ကွေ့ဒေသသို့ စေလွှတ်ခဲ့ကြောင်း ပြီးခဲ့သည့်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒုံးကျည်များ၊ ဒရုန်းများဖြင့် အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ဂါဇာ ကမ်းမြောင်ဒေသရှိ ပြည်သူများလိုအပ်နေသည့် အစားအစာနှင့်ဆေးဝါးများ မရမချင်း အစ္စရေးဆိပ်ကမ်းများကို ဦးတည်သွားလာမည့် သင်္ဘောများအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်မှုအသစ်များ လုပ်ဆောင်ရန် စီစဉ်နေကြောင်း Welt သတင်းချန်နယ် ဖော်ပြ
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ