သင်္ဃန်းကျွန်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်မှ အမှိုက်လှည်းအား ဝင်တိုက်မိခဲ့ရာ လူ(၃)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်မှ အမှိုက်လှည်းအား ဝင်တိုက်မိခဲ့ရာ အမျိုးသား(၂)ဦး နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်)၊ မွန်းလွဲ ၂ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုပန်းခြံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ် ဘေးတွဲမောင်းတဲ့လူက မူးနေတာပါ။ သူက အမှိုက်လှည်းကို ဝင်တိုက်ပြီး မှောက်ကြတာပေါ့။ ဘေးတွဲမှာက ခရီးသည်အမျိုးသမီးတစ်ဦးပါတယ်” ဟု သုဝဏ္ဏပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် အသက်(၃၅)နှစ်အရွယ် ဘေးတွဲယာဉ်မောင်းမှာ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ အသက်(၄၇)နှစ် အရွယ် အမျိုးသားတွင် ခါးထိခိုက်ဒဏ်ရာနှင့် အသက်(၅ဝ)အရွယ်အမျိုးသမီးတွင် ဦးခေါင်းနောက်စေ့ နှင့် နဖူး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပြီးတော့ ဘေးတွဲမောင်းတဲ့လူက လမ်းမအလယ်ကြီးမှာ လဲနေတာ။ အမှိုက်လှည်းကလူကလည်း လမ်းဘေးမှာ လဲနေတယ်။ အမျိုးသမီးက ခေါင်းထိထားတော့ သတိမေ့နေတာ။ ဆေးရုံရောက်တော့ မစိုးရိမ်ရတော့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအား သုဝဏ္ဏပရဟိတအသင်းမှ သင်္ဃန်းကျွန်းမြို့နယ်စံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမြောက်ပိုင်းမှာ အအေးလှိုင်း သတိပေးချက်များ ထုတ်ပြန်ထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ