လှည်းကူးမြို့တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၅
ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂၃)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် ၈နာရီအချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးသွားကားလမ်း၊ စခန်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖောကားကရပ်ထားတာပါ။ သူနောက်မှာလဲ လူမပါတဲ့ စက်ရုံဖယ်ရီကားတစ်စီးကရပ်ထားတယ်။ အဲဒီကားရဲ့နောက်ကို လူအပြည့်နဲ့မောင်းလာတဲ့ စက်ရုံဖယ်ရီကားတစ်စီးက ဝင်တိုက်တာ”ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဝင်တိုက်ခံရသည့် ဖယ်ရီကားပေါ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦးတွင် ဘယ်ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သည့်အပြင် ဝင်တိုက်သည့် ဖယ်ရီကားပေါ်မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂၀)ဦးသည် မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“နောက်ဆုံးကားက လူတော်တော်များများပါတယ်။ မိန်းကလေးက အယောက်(၂၀)နဲ့ ယောက်ျားလေးက (၂)ယောက်ပါတယ်။ သူတို့ကတော့မစိုးရိမ်ရပါဘူး။ အလည်က ဖယ်ရီက ယာဉ်မောင်းကတော့ ဘယ်ခြေထောက်ကျိုးသွားတယ်။ ကားခေါင်းလဲကြေမွသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား လှည်းကူးမြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့မှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
လှည်းကူးမြို့တွင် မောင်းနှင်ပြေးဆွဲနေသည့် စက်ရုံဖယ်ရီကားများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်လိုအပ်ကြောင်းလည်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က တိုက်တွန်းအကြံပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်အတွက် ရက်ချိန်းယူခြင်းစနစ်ကို ပြောင်းလဲမည်ဟု ကိုရီးယားရှိမြန်မာသံရုံးကြေညာ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း