အိန္ဒိယနိုင်ငံရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်း (၁၇)ရက်ကြာ ပိတ်မိနေသော အလုပ်သမား(၄၁)ဦးလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရ ထုတ်ပြန်ကြေညာ
Pika (NSS) - နိုဝင်ဘာ ၂၉
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်းရှိ အဝေးပြေးလမ်းမအောက်ရှိ မြေအောက်ဥမင်လှိုဏ်ခေါင်းအတွင်း (၁၇)ရက်ကြာ ပိတ်မိနေသော ဆောက်လုပ်ရေးအလုပ်သမား(၄၁)ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက နိုဝင်ဘာလ(၂၈)ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ(၂၁)ရက်တွင် ကယ်ဆယ်ရေးသမားများသည် ပိတ်မိနေသောလူများ ထွက်လာနိုင်ရန်အတွက် လုံလောက်သောအရွယ်အစားရှိသည့်ပိုက်လိုင်းတစ်ခုကို အပျက်အစီးများထဲသို့ ထိုးထည့်နိုင်ရန်အတွက် မီတာ(၆ဝ) ခန့်ရှိသော အပျက်အစီးများကို အလျားလိုက်တူးဖော်ခြင်းများလုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယအာဏာပိုင်များသည် ပိတ်မိနေသော အလုပ်သမား(၄၁)ဦးကို ကယ်ဆယ်နိုင်ရန်အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုကာ ကြိုးပမ်းခဲ့ပြီးနောက် နိုဝင်ဘာလ(၂၈)ရက်တွင် အဆိုပါအလုပ်သမားအားလုံးကို သုံးပေကျယ်သော စတီးပိုက်မှတစ်ဆင့် ဆွဲထုတ်ကာ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအလုပ်သမားများသည် Uttarakhand ပြည်နယ်တွင် တည်ဆောက်နေသည့် အရှည်(၄ ဒသမ ၅) ကီလိုမီတာရှိသော ဥမင်လှိုဏ်ခေါင်းထဲတွင် နိုဝင်ဘာလ(၁၂)ရက်ကတည်းက ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပိတ်မိနေသော အလုပ်သမားအားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ၎င်းတို့အားလုံးကို ဆေးရုံသို့ မပို့ဆောင်မီ Uttarakhand ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami သည် အလုပ်သမားအချို့ကိုတွေ့ဆုံကာ ရိုးရာပန်းကုံးများ စွပ်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အာဏာပိုင်များသည် အဆိုပါအလုပ်သမား(၄၁)ဦးကို ကယ်ဆယ်နိုင်ရန် နာရီပိုင်းအလိုကတည်းက ဥမင်လှိုဏ် ခေါင်း ဝင်ပေါက်ဝတွင် လူနာတင်ကားများနှင့် ရဟတ်ယာဉ်များကို အသင့်အနေအထားဖြင့် ထားရှိခဲ့ကြောင်းလည်း သိရသည်။ပိတ်မိနေသော အလုပ်သမား(၄၁)ဦးလုံးသည် ကျန်းမာရေးကောင်းမွန်ပုံပေါ်ကြောင်း တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သည့် Devender က "ပိတ်မိနေတဲ့အလုပ်သမားတွေဟာ ကျွန်တော်တို့ကို ဥမင် လှိုဏ်ခေါင်းထဲမှာ တွေ့လိုက်တဲ့အချိန်မှာ အလွန်ဝမ်းသာသွားခဲ့ကြပါတယ်။ အချို့အလုပ်သမားတွေဆို ကျွန်တော့် ဆီကိုပြေးလာပြီး ဖက်ကြပါတယ်" ဟု ပြောခဲ့သည်။
အခြားကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သည့် Vakil က "ပိတ်မိနေတဲ့အလုပ်သမားတွေအားလုံးကို ကယ်မထုတ်နိုင် မချင်း အကောင်းဆုံးဆက်လက်ကြိုးပမ်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အိန္ဒိယကုန်းလမ်းပို့ဆောင်ရေးဝန်ကြီး Nitin Gadkari က "ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေတဲ့ အလုပ်သမား အားလုံးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တဲ့အတွက် တကယ်ကိုပျော်ရွှင်မိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ အထင်ရှားဆုံးကယ်ဆယ်ရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပြီး အေဂျင်စီအများအပြားဟာ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတပူတင်က ၂ဝ၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကိုမသိရမီ ယူကရိန်းတွင် ငြိမ်းချမ်းရေးများ လုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း