လွိုင်ကော်၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ငယ်(၂)ပါး ပျံလွန်တော်မူ၊ လွိုင်ကော်မြို့တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ(၂ဝ)ထက်မနည်းရှိနေ
NSS - နိုဝင်ဘာ ၁၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ငယ်(၂)ပါး ပျံလွန်တော်မူခဲ့ပြီး လွိုင်ကော်မြို့ တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ(၂၀)ထက်မနည်းရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(နိုဝင်ဘာ ၁၉ ရက်)၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ၊ ဥတ္တာရုံပရိယတ္တိစာသင်တိုက်အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာကတော့ လက်နက်ကြီးကျတာပေါ့နော်။ ကိုရင်(၂)ပါးက အိပ်နေတုန်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာပါ။ ကိုရင်(၂)ပါးကတော့ အဲဒီနေရာမှာပဲ ပျံလွန်တော်မူသွားတယ်။ ကျောင်းဆောင်တွေလည်း တော်တော်လေး ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၁၃ နှစ် နှင့် သက်တော် ၁၄ နှစ်ရှိ ကိုရင်ငယ် (၂)ပါးသည် ပျံလွန်တော်မူခဲ့ပြီး ဥတ္တာရုံပရိယတ္တိ စာသင်တိုက်သည်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
၎င်းလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ဥတ္တာရုံပရိယတ္တိစာသင်တိုက်တွင် ရဟန်း၊ သံဃာအပါး(၂ဝ)ခန့် သီတင်းသုံးနေထိုင်လျက် ရှိကြောင်း သိရသည်။
KNPP၊ PDF ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ လွိုင်ကော်မြို့ နှင့် တစ်ဝိုက်ရှိ လုံခြုံရေး စခန်း များကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် အဆိုပါအဖွဲ့များ နှင့် တပ်မတော်လုံခြုံရေးအဖွဲ့များကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး အဆိုပါ တိုက်ပွဲများအတွင်း အရပ်သား သေဆုံးသူဦးရေမှာလည်း (၂ဝ)ထက်မနည်းရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့အနေနဲ့အတိအကျတော့ မသိရသေးပါဘူးပေါ့နော်။ အခုလို တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အရပ်သား သေဆုံးတာဆို (၂ဝ)ထက်မနည်း ရှိမယ်။ များသောအားဖြင့်တော့ အခုလို လက်နက်ကြီးထိမှန်ပြီး သေဆုံးတာတွေ ပေါ့။ ဒီနေ့လည်း တိုက်ပွဲတွေဖြစ်နေတယ်” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် လွိုင်ကော်မြို့နှင့်တစ်ဝိုက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့ခံပြည်သူလူထုအများအပြားသည် ရှမ်းပြည်နယ်တောင်ပိုင်း၌ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရက်ပစ်နဲ့ ဂျိုလီတို့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ "Mr. and Mrs. Smith" ဇာတ်ကားကို ပြန်လည်ရိုက်ကူးမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း