တရုတ်နိုင်ငံ Shanxi ပြည်နယ်တွင် အဆောက်အဦးတစ်ခု မီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၂၆)ဦး သေဆုံး
Pika (NSS) - နိုဝင်ဘာ ၁၆
တရုတ်နိုင်ငံမြောက်ပိုင်းတွင်ရှိသော ရုံးခန်းအဆောက်အဦးတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ(၂၆)ဦး သေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
မီးလောင်ကျွမ်းမှုသည် Shanxi ပြည်နယ် Luliang မြို့ရှိ လေးထပ်တိုက်အဆောက်အဦးတွင် နိုဝင်ဘာလ(၁၆) ရက် နံနက်(၇)နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများသည် မီးးလောင်ကျွမ်းမှု ဖြစ်ပွားသော Yongju Coal Industry Joint Building မှ လူများဒါဇင်ချီ ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက်မှ လူပေါင်း(၆၃)ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သော Weibo တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် အဆိုပါအဆောက်အဦးမှ မီးတောက်များနှင့် မီးခိုးများ ထွက်လာ နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုသည် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ်သည့် အကြီးဆုံးပြည်နယ်တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် ဘေးကင်းရေးစံနှုန်းများကို လိုက်နာမှုအားနည်းခြင်းကြောင့် မီးလောင်ကျွမ်းမှုများ နှင့် စက်ရုံ မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Yinchuan မြို့ရှိ BBQ စားသောက်ဆိုင်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၃၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံက အကြမ်းဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တူရကီသမ္မတ ဝေဖန်ပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ