အစ္စရေးနိုင်ငံက အကြမ်းဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တူရကီသမ္မတ ဝေဖန်ပြောဆို
Pika (NSS) - နိုဝင်ဘာ ၁၆
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တူရကီသမ္မတအာဒိုဂန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ပျောက်ကွယ်သွားသင့်သည့် လူတစ်ဦးဖြစ်ကြောင်း အာဒိုဂန်က ပြောခဲ့သည်။ အစ္စရေးသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆို ရန် နေတန်ရာဟုကို အာဒိုဂန်က စိန်ခေါ်ခဲ့ကြောင်းလည်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် မည်သည့်အကြမ်းဖက်မှုများဖြစ်ပွားနေစေကာမူ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု သည် ၎င်း၏ ရာထူးကို ဆုံးရှုံးရမည်ဖြစ်ကြောင်း အာဒိုဂန်ကပြောဆိုခဲ့ပြီး နေတန်ရာဟုကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အာဒိုဂန်က "နေတန်ရာဟုဟာ သတင်းစာရှင်းလင်းပွဲတိုင်းမှာ ဝန်ကြီးတွေ သူနဲ့အနီးမှာရှိနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒီဝန်ကြီးတွေက သူ့ကိုကယ်တင်နိုင်လိမ့်မယ်လို့ နေတန်ရာဟုက ထင်နေပါတယ်။ နေတန်ရာဟုက ပျောက်ကွယ်သွားရမယ့်လူဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ဂါဇာကမ်းမြောင်အပေါ် လုပ်ဆောင်နေသော အစ္စရေး၏ စစ်ဆင်ရေးကို လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုအဖြစ် အာဒိုဂန်က ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် တူရကီအစိုးရသည် အဆိုပါကိစ္စများကို နိုင်ငံတကာဆိုင်ရာ တရားမျှတမှုတရားရုံးသို့ ရောက်ရှိနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ထပ်မံပြောဆိုခဲ့သည်။
အာဒိုဂန် က "အစ္စရေးမှာ အဏုမြူဗုံး ရှိလား/မရှိဘူးလား ဆိုတာကို ထုတ်ဖော်ပြောဆိုဖို့ နေတန်ရာဟုကို ကျွန်တော် စိန်ခေါ်ပါတယ်။ ဒါပေမယ့် သူအဲ့လိုလုပ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ လူတွေကို တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ခြိမ်းခြောက်လို့ ရပါတယ်။ ဒါပေမယ့် နေတန်ရာဟုရဲ့အဆုံးသတ်က နီးကပ်နေပါပြီ" ဟု ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသကို နျူကလီးယားဗုံးကြဲတိုက်ခိုက်ရန် မှတ်ချက်ပေးခဲ့သော အစ္စရေး၏ အမွေအနှစ် ဝန်ကြီး Amichai Eliyahu ၏ ပြောဆိုချက်များကို အာဒိုဂန်က ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါမှတ်ချက် ကို အစ္စရေး နှင့် ပြည်ပနိုင်ငံများတွင် ဝေဖန်ပြောဆိုခဲ့ခြင်းများရှိခဲ့ပြီး နောက်ပိုင်းတွင် Amichai Eliyahu သည် ရာထူးမှ ဆိုင်းငံ့ခံခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇင်ဘာဘွေနိုင်ငံတွင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦး သေဆုံး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း