ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး လမ်းလယ်ရှိ သစ်ပင်အားဝင်တိုက်မိ၍ အမျိုး သားတစ်ဦးပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - အောက်တိုဘာ ၂၈
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် TOYOTA ကားတစ်စီးအရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလည်ကျွန်းရှိ သစ်ပင်ကိုဝင်တိုက်မိ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၈ ရက်)၊ နံနက် ၃နာရီ ၁၀မိနစ်အချိန်တွင် ပဲခူးမြို့ နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၀/၀)နှင့် (၄၀/၁)ကြားတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ဘောနက်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ကားက ရန်ကုန်ကနေ နေပြည်တော်ကို သွားတဲ့ကားပါ။ လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ပဲနဲ့ ဘယ်ဘက်လမ်းလယ်ကျွန်းက သစ်ပင်နဲ့ ထောင့်ကွေးတန်းကို ဝင်တိုက်မိပြီး တစ်ပတ်လည်မှောက်သွားတာပါ”ဟု ဘောနက်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်ပါလာသည့် အမျိုးသား(၃)ဦးအနက် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် (၃၀)နှစ်အရွယ် အမျိုးသားသည်နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာက ကျား(၃)ဦးပါတယ်ဗျ။ အသက်(၃၀)အရွယ်အမျိုးသားက အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတာပါ။ ကျန်တဲ့ အသက်(၄၀)အရွယ် ကျားတစ်ဦးရယ် အသက်(၅၅)နှစ်အရွယ် ကျားတစ်ဦးက ရင်ဘတ်အောင့်တာတို့၊ ခါးနာတာတို့ဖြစ်သွားတာပါ။ အတွင်းဒဏ်ရာတွေချည်းပါပဲ။ မစိုးရိမ်ရပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ဘုရားကြီးလူငယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့်လည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးအား ဘောနက်ကြီး (192) လူနာတင် ယာဉ်တို့ဖြင့်လည်းကောင်း ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၁၂၆)မှု ဖြစ်ပွားခဲ့ရာ လူ(၇၀)ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခိုးယူထားတဲ့ကားတွေကို စာရွက်စာတမ်းအတုလုပ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပို့ဆောင်တဲ့ ကားသူခိုးဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွင်း
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း