(၁ဝ)လနီးပါးအတွင်း အမေရိကန်ဒေါ်လာ သန်း(၃၈၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - အောက်တိုဘာ ၂၆
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ယခုလ (အောက်တိုဘာလ ၂၃ ရက်)အထိ ငွေကျပ်(၈၀၂)ဘီလျံကျော်(အမေရိကန်ဒေါ်လာ ၃၈၁ သန်းကျော်)တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အသိပေးပြောကြားခဲ့သည်။
၎င်းက ယမန်နေ့(အောက်တိုဘာလ ၂၅ ရက်)တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၌ ကျင်းပပြုလုပ်သော အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ယခုနှစ် (၂၀၂၃ ခုနှစ်)တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆေးရေး (Operation 39)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခုနှစ် (ဇန်နဝါရီလမှ အောက်တိုဘာလ ၂၃ ရက်) အထိ ငွေကျပ် (၈၀၂)ဘီလျံကျော် (အမေရိကန် ဒေါ်လာ ၃၈၁ သန်းကျော်) တန်ဖိုးရှိ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ကက်တမင်း၊ အက်တက်စီ ဆေးပြား၊ Happy Water အပြင် အခြားမူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ခြင်းမရှိသည့် ဓာတုပစ္စည်းများ ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် မူးယစ်ဆေးဝါးမှုခင်းများသည် လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွယ်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နှောက်ယှက်မှုများဖြစ်ပေါ်နေသည့်အတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မူးယစ်ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၆၅၀၀ ကျော်သေဆုံးခဲ့ရသည်ဆိုသော ပြောဆိုချက်များကို အမေရိကန်သမ္မတ ငြင်းဆန်ပယ်ချ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း