တပ်မတော်စခန်း(၂)ခုကို KIA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းစခန်းများ ပြန်လည်ရရှိရေးလုပ်ဆောင်နေဟုဆို
မြူနစ် (NSS) - အောက်တိုဘာ ၂၁
ကချင်နှင့် ရှမ်းပြည်နယ်ရှိ တပ်မတော်စခန်း(၂)ခုကို KIA နှင့်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းစခန်းများ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်နေကြောင်း နစကထံမှ သိရသည်။
KIA တပ်မဟာ(၆) လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များသည် အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက်ရှိ တပ်မတော်၏ နမ့်ကွတ်စခန်းကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု နစကမှဆိုသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် နေရာ(၃)နေရာခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ကွတ်စခန်းမှလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှတသည့်အတွက် စခန်းမှခေတ္တဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နမ့်ကွတ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကူစစ်ကြောင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နစကမှသတင်းထုတ်ပြန်အသိပေးထားသည်။
သို့သော် ယင်းကဲ့သို့ တိုက်ခိုက်လာမှုကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ (၆)နေရာကို လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ရာ KIA ၏ ကာကင်းနေရာတစ်ခုအား အလောင်းအချို့နှင့်အတူ ပြန်လည်သိမ်းဆည်းရရှိခဲ့ကြောင်း နစကမှ ဆို သည်။
ထို့ပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သည့် မိုက်ဆာပါတွင် အခြေပြုသော KIA အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်၏ ဗန်းမော်-ဝိုင်းမော်ကားလမ်းထိန်းစခန်းဖြစ်သော လဲလုံစခန်းကို ဇူလိုင်လ ၈ ရက်မှစ၍ စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
KIA အဖွဲ့ဝင်များသည် လဲလုံစခန်းအား ဇူလိုင်လ ၈ ရက်မှ ယမန်နေ့(အောက်တိုဘာလ ၂၀ ရက်)အထိ (၈၁)ကြိမ်တိုင်တိုင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်းစခန်းကို တပ်မတော်က လက်လွှတ်ပေးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် KIA က သိမ်းပိုက်ထားသည့် လဲလုံစခန်းကို အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကူစစ်ကြောင်းများဖြင့် ဆောင်ရွက်နေကြောင်းလည်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် ဓါးစာခံနှစ်ဦး စတင်လွတ်မြောက်လာပြီး ဟားမတ်စ်တို့ကို အပြီးတိုင် ချေမှုန်းမည်ဟု အစ္စရေးကြုံးဝါး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း