ပေါင်မြို့နယ်၌ တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်၍ ဆိုင်ကယ်ပေါ်ပိမိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အထပ်သားပြားများတင်ဆောင်လာသည့် တွဲကားတစ်စီးအရှိန်လွန်တိမ်းမှောက်၍ မောင်းနေသည့် ဆိုင်ကယ်ပေါ်မိခဲ့ရာမှ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မွန်မြတ်ကာရုညလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်)၊ ညနေ ၅နာရီအချိန်တွင် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ မိုင်တိုင်အမှတ်(၁၆၃/၃)အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မော်လမြိုင်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ကားပေါ့။ အထပ်သားပြားတွေတင်လာတဲ့ တွဲကားက အရှိန်လွန်မှောက်ပြီး မျက်နှာချင်းဆိုင်က မိန်းကလေး(၂)ယောက်စီးလာတဲ့ ဆိုင်ကယ်ပေါ်ကို ပိမိတာပါ”ဟု မွန်မြတ်ကာရုညလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ တွဲကားတိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မှောင်းနှင်လာသည့် ခလောက်အင်းကျေး ရွာနေ အသက်(၂၀)နှစ်ဝန်းကျင် အမျိုးသမီး တစ်ဦးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းနောက်မှလိုက်ပါလာသည့် အသက်(၃၀)ဝန်းကျင် အမျိုးသမီးတွင်လည်း ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့ ကောင်မလေးကတော့ နေရာမှာပဲပွဲချင်းပြီးဆုံးသွားတယ်။ သူ့နောက်ကလိုက်ပါလာတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ဆီးခုံထိတဲ့ဒဏ်ရာနဲ့ ဆေးရုံကိုပို့ပေးလိုက်ပါတယ်။ သူကတော့ စိုးရိမ်စရာတော့မရှိပါဘူး။ အခြားထိခိုက်ပျက်စီးတာလဲ မရှိပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသမီးနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား မွန်မြတ်ကာရုညလူမှုကူညီရေးအသင်းမှ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ဖြစ်ပွားခဲ့သည့် (၁၆၃)မိုင်ကွေ့သည် ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သည့် တစ်နှစ်ခန့်ကလည်း အထပ်သားပြားတင်တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်စဉ် ရှိခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်သူများအတွက် စိုက်စရိတ်ချေးငွေ အာမခံဖော်ဆောင်ရန်စီစဉ်နေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း