တန့်ဆည်မြို့ စုပေါင်းရုံးများအနီးရှိ လုံခြုံရေးအဖွဲ့ဝင်များကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်
မြူနစ် (NSS) - စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မြို့နယ်စုပေါင်းရုံးများအနီးရှိ လုံခြုံရေးအဖွဲ့ဝင်များကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
PDF ပူးပေါင်းအဖွဲ့များသည် ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက် ၁ နာရီမထိုးခင်အချိန်မှစ၍ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်၊ စုပေါင်းရုံးအနီးရှိ လုံခြုံရေးအဖွဲ့ဝင်များကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက NP News ကို ပြောသည်။
“ညတုန်းက ဝင်တိုက်တာ။ တရားရုံးရယ်၊ လဝကရယ်၊ စည်ပင်ရုံးရယ်၊ နောက် ဦးဒေါင်းမင်းဆန်စက်ထဲမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေကို ဝင်တိုက်သွားတာပါ။ ပစ်ခတ်သံတွေကတော့ မနက်(၃)နာရီလောက်အထိကို ကြားရတယ်။ အဆောက်အဦးတစ်ချို့လည်း မီးလောင်သွားတာရှိတယ်” ဟု တန့်ဆည်မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အတွင်း နှစ်ဖက်အကြား၌ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကြားသိရပြီး နှစ်ဖက်အကြား၌ (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
PDF ပူးပေါင်းအဖွဲ့များသည် တန့်ဆည်မြို့ စုပေါင်းရုံးအနီးရှိ လုံခြုံရေးတပ်စခန်းအချို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် သေနတ်အချို့ကိုလည်း သိမ်းဆည်းရရှိသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တန့်ဆည်မြို့ပေါ်၌ လုံခြုံရေးအဖွဲ့ဝင်အင်အား တိုးမြှင့်ချထားသည်ကိုတွေ့ရှိရကြောင်းလည်း မြို့ခံများက ဆိုသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များက လာရောက်ပစ်ခတ်တိုက်ခိုက်သည့်ဖြစ်စဉ် ဖြစ်ပွားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံ- သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံရ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း